Sunday, October 19, 2008

ခဏတာ ဘလောစ့်လေးအားခွဲခွာခြင်း

ကျွန်တော် ဘလောစ့်လေးကို ကျွန်တော်အရမ်းချစ်ပါတယ် အခက်အခဲတွေ မအားတဲ့ကြားကအချိန်ရအောင်ယူပြီး ၀ါသနာအရ ရေးဖြစ်ခဲ့တာပါ ဘလောစ့်လေးကိုကျွန်တော်မခွဲခွာချင်ပါဘူး အခုဆိုစာတွေတောင် ကျွန်တော်မရေးနိုင်တော့ပါ မဖြစ်နိုင်တဲ့ အခြေအနေရ ခဏတာ ကျွန်တော်ခွဲခွာရမှာပါ။သူငယ်ချင်းတွေ ညီအစ်ကိုမောင်နှမတွေကိုလည်း အရမ်းပဲ ခင်မင်ပါတယ် ကျွန်တော်ရဲ့ ဆီဗောက်မှာ သူတို့တတွေရဲ့ နူတ်ဆက်စကား အားပေးစကားတွေဟာ ကျွန်တော်အတွက် အားဆေးတွေပါ။ ကျွန်တော်ကျန်းမာရေးမကောင်းသောကြောင့် စာဆက်မရေးနိုင်သေးပါ ကျန်းမာရေးမကောင်းသောကြောင့် လိုင်းမတက်ဖြစ်သောအခါ သူတို့ရဲ့နူတ်ဆက်စကားကိုတောင် ပြန်မပြောနိုင်တာ တစ်ကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။အားလုံးသော ဘလောစ့်ညီအစ်ကိုမောင်နှမတွေ ကျွန်တော်ကို ခွင့်လွှတ်နားလည်နိုင်မယ်လို့ ထင်ပါတယ် ကျွန်တော်ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါ အသစ်တွေကို များများရေးပြီးတင်နေတဲ့ အကြွေးတွေကို ကျွန်တော်ပြန်ဆပ်ပါ့မယ် ဒီနေ့မှ အစ်မမေအိခင် tag ထားတာလေးကို တွေ့မိတယ် အရမ်းနောက်ကျနေတဲ့ အတွက်မ tag ဖြစ်တော့ပါ ဒီကနေပဲ တစ်ခါတည်း အစ်မကိုတောင်းပန်လိုက်ပါတယ် အစ်မ ကျွန်တော်ကိုနားလည်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ။ဘလောစ့် ညီအစ်ကိုမောင်နှမတွေ အားလုံးနှင့် စာဖတ်သူအားလုံးကျန်းမာပျော်ရွှင်ပါစေ။


AddThis Social Bookmark Button

Friday, October 10, 2008

ကျွန်တော်ရဲ့ ဖြစ်သလိုကြုံသလိုစားခြင်း

အစ်မမေအိခင်(လယ်ဝေး) က လုပ်ချလိုက်ပြန်ပြီ tag ကြောက်ပါတယ် ဆိုတဲ့သူကို tag ခိုင်းနေပြန်ပြီ ဘာကြောင့်ကြောက်ရတယ် ဆိုတာ ရှင်းပြရမှာလည်းခက်ပါတယ် ဘယ်လိုမှရှင်းပြလို့မရပါဘူး။

တစ်ခါTag တိုင်းတစ်ခါ အစ်မမောင် ကျွန်တော်(ရင်ခတ်နွယ်) မှာ Tag ရဲ့ ကောင်းကျိုးတွေကို ခံစားရပါတယ် ။ ကိုယ့်ရဲ့ အစ်မလို လည်းဖြစ်(အစ်မကိုယ်တိုင်ရေးထားတဲ့ ခင်မင်လေးစား
မှူတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်လေ
) အဲ့ဒီစကားကြောင့် တက်ရပြန်ပြီ လေးလည်းလေးစား ခင်လည်းခင်တဲ့ အစ်မရေ ဖြစ်သလိုကြုံသလိုစားခြင်းကို ကျွန်တော် Tag ပါပြီ။
ဖြစ်သလို ကြုံသလိုစားခြင်းကို ကျွန်တော် အရေးမှားခဲ့ရင် အားလုံးက နားလည်ခွင့်လွှတ်ပေးမယ်လို့ ကျွန်တော်ထင်ပါတယ်။ဖြစ်သလိုကြုံသလိုစားခဲ့ရတဲ့ ဒုက္ခကို ကျွန်တော်ကောင်းကောင်း

ခံစားဖူးတော့ ရင်ထဲမှာ ခံစားချက်က နဲန့တော့ပြင်းထန်တယ် ဒါကြောင့် ပျော်ရွှင်စေချင်လို့ tag တဲ့သူက တက်ပေမယ့် ကျွန်တော်ကြောင့် စိတ်ညစ်စေခဲ့ရင် အစ်မမေအိခင် နှင့် ဒီပိုစ့်လေးကို

ဖတ်မိတဲ့ သူတွေ အားလုံးကို ကျွန်တော်က တောင်းပန်းပါတယ်။

ဖြစ်နိုင်ရင် ဘယ်တော့မှ ဖြစ်သလိုကြုံသလိုမစားချင်ပါဘူး အခုလည်းဖြစ်သလို ကြုံသလိုမစားပါဘူး ။ကျွန်တော်တို့မိသားစုလေးက ဈေးသည်မိသားစုလေးပါ မိသားစုအားလုံးဟာ မနက်မိုးမလင်းခင်

ဈေးထွက်ရပါတယ် (ဈေးဝယ၊်ဈေးရောင်းခြင်း)။ညရောက်မှ မိသားစုတွေ ပြန်ဆုံရပါတယ် မနက်ခင်းနဲ့ နေ့လည်စာတွေကို ဖြစ်သလို ကြုံသလို ၀ယ်စားကြပါတယ်။အိမ်မှာချက်စားပေမယ့်

နေ့လည်နေခင်း မိသားစုစုံညီအောင်ထမင်း မစားရပါဘူး ဆိုင်မှာနေရတဲ့သူနဲ့ ကျောင်းသွားတဲ့သူနဲ့ ကြုံတဲ့သူက အရင် ဖြစ်သလိုခူးစားသွားကြပါတယ်။ညစာကိုတော့ အိမ်မှာ ချက်စားကြပါတယ်

ညစာကိုတော့ အမေက ဟင်းကောင်းကောင်းလေးတစ်ခွက် အမြဲစီစဉ်ပေးပါတယ် ထမင်းဝိုင်းမှာ တစ်ခါတစ်လေ ညီလေးတွေကို ချစ်လို့ ကျွန်တော် စနောက်ပါတယ် ဒါကို အဖေကမြင်တော့

ကျွန်တော်ကို ပြောပါတယ် သားကြီးရေ တို့မိသားစုလေးဟာ ညကျမှ ဆုံကြရတယ် ထမင်းလက်ဆုံစားကြရတယ် တစ်နေ့လုံး လှုပ်ရှားရုန်းကန်ကြရတယ် တို့တွေရဲ့ဘ၀မှာ အနားယူတဲ့ အချိန်ဟာ

ဒီထမင်းစားချိန်လေးပဲရှိတယ် ဒီထမင်းစားချိန်လေးမှာ အေးဆေးစားပါ သားကြီးရယ် ။ဒီထမင်းစားချိန်လေးမှ တို့တွေ အေးဆေးမစားရရင် အေးဆေးမနားရရင်တို့တွေဘ၀ဟာ

တော်တော်လူဖြစ်ရှုံးပြီ။အဖေဆုံးမခဲ့တဲ့ စကားဟာ ဒီနေ့ထိကျွန်တော် နားထဲမှာစွဲနေပါတယ်။ဒါကြောင့် ကျွန်တော်ဖြစ်သလို ကြုံသလိုမစားချင်ပါဘူးလို့ပြောတာပါ။

ဒါပေမယ့် ကျွန်တော်ကိုတိုင် ဖြစ်သလိုကြုံသလိုစားခဲ့ရပါတယ် ကျွန်တော်ရဲ့ ဂျစ်ကန်ကန် မဟုတ်မခံ အရွဲ့တိုက်မူကြောင့် ကျွန်တော်အလုပ်ပြုတ်ပါတယ် (ကျွန်တော်ရဲ့ ဂျစ်ကန်ကန်အရွဲ့တိုက်မူ

တလွဲများကို ပိုစ့်အဖြစ်ရေးပါအုံးမည်)အလုပ်ကချက်ချင်းရှာမရတာကြောင့် ရှိတာလေးကို ထိုင်စားရင်း အိမ်လခတွေ ပေးရင်းနဲ့ လက်ထဲမှာပိုက်ဆံ ပြတ်သွားပါတယ် ငွေတစ်ကျပ်တောင်

မရှိတော့ပါဘူး ဗိုက်ကလည်းအရမ်းကိုစာပါတယ် ကျွန်တော်အိပ်ရာရဲ့ ခေါင်းရင်းမှာတစ်ခါတစ်လေ ကျွန်တော်ပစ်ထားတဲ့ အကြွေစေ့လေးတွေကို လိုက်ရှာပါတယ်

လျော်မယ့်အ၀တ်တွေဘောင်းဘီတွေထဲမှာ အကြွေစေ့လေးတွေများ တွေ့မလားလို့ လိုက်ရှာတာ အကြွေစေ့ ပြားငါးဆယ်ရပါတယ်။ဒါနဲ့ Maggi ခေါက်ဆွဲခြောက်ထုပ်လေးဝယ်မယ်ဆိုပြီ 7 eleven

စတိုးဆိုင်ကိုသွားပါတယ် ခေါက်ဆွဲခြောက်ထုပ်က ပြားငါးဆယ်မဟုတ်ပါဘူး ပြားခြောက်ဆယ် ဖြစ်နေပါတယ် ဒါနဲ့အိမ်ကိုပြန်ခဲ့ရတယ် စားစာရတွေမြင်ရက်နဲ့ မစားရတော့

ပိုပြီးဗိုက်ဆာပါတယ်။အိမ်မှာရှိတဲ့ရေလေးသောက်ပေါ့ ရေသောက်တော့ ပိုပြီးဗိုက်ဆာပါတယ် မခံမရပ်နိုင်အောင်ကို ဆာပါတယ် ၀မ်းမီးတောက်တဲ့ ဒုက္ခက တော်တော်ဆိုးပါတယ် ခံစားဖူးမှသိမှာပါ

အိမ်မှာရှိတဲ့ စက္ကူတွေကို ကိုက်စားချင်လောက်အောင်ထိ ဗိုက်ဆာလာပါတယ် ။

ကျွန်တော်မှာ သူငယ်ချင်းတွေရှိပါတယ် အများကြီးကိုရှိပါတယ် အကူအညီတောင်းရင်ရနိုင်ပါတယ် ပိုက်ဆံချေးရင်ရနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်မချေးငှားခဲ့ပါဘူး အလုပ်မရှိတဲ့ အချိန်မှာ

သူတို့ရှေ့ကိုတောင် ကျွန်တော်သွားမရပ်ခဲ့ပါဘူး အကူအညီလိုချင်လို့ လာတဲ့မျက်လုံးတွေနဲ့ ကြည့်တဲ့အကြည့်မျိုးတောင် ကျွန်တော်မခံချင်ပါဘူး။သူများကိုသာ ကျွန်တော်တတ်နိုင်သလောက်

ကူညီခဲ့တာပါ ကိုယ့်အလှည့်ကျရင် ပြောရမှာ ပြောမထွက်ခဲ့ပါဘူး။ ညနေရောက်တော့ ကျွန်တော်ညီလေး (မြစ်ကောက်) အလုပ်ကပြန်ရောက်လာမှာ သူယူလာတဲ့ ထမင်း(ကြက်ဆီထမင်း)

ဗူးလေးကို ညီအစ်ကိုနှစ်ယောက် ခွဲစားကြပါတယ်။ကျွန်တော် ကြုံတိုင်း မြစ်ကောက်ကိုပြောပါတယ် မင်းရဲ့ထမင်းကျေးဇူး ငါ့အပေါ်မှာရှိတယ်လို့ ကျွန်တော်ဒီကျေးဇူးကို မမေ့ပါဘူး

ရင်ထဲမှာအမြဲရှိပါတယ် ။မနက်ဖြန်အတွက် မြစ်ကောက်က သူ့မှာရှိတဲ့ ငွေငါးကျပ်ကိုပေးခဲ့ပါတယ် သူကဆိုင်မှာ သူဋ္ဌေးကျွေးမှာမို့ ကိစ္စမရှိပါဘူး။ညနေကြတော့ သူယူလာတဲ့ထမင်းကို

နှစ်ယောက်စားလို့ရပါတယ် ဒီငွေငါးကျပ်ကို ကျွန်တော်အလုပ်မ၀င်ခင် ငါးရက်လောက်ကို နေ့လည်စာအဖြစ် ရအောင်စားခဲ့တာပါ ထမင်းတစ်ကြိမ်စားရင် ငါးကျပ်လောက်ကျပါတယ် အိမ်ရှေ့က

ကုလားထမင်းဆိုင်မှာ ထမင်းဖြူလေးတွေ တစ်ဗူးကို ၁ ကျပ် ပြား ၂၀ နဲ့ဝယ်ပြီး ဆားမပါဆီမပါရေဆမ်းပြီ ဒီအတိုင်းစားခဲ့ရတာပါ ၃ ရက်လောက်တော့ အဲ့ဒီပုံစံအတိုင်းစားခဲ့ရတာပါ ထမင်းဆိုင်က

ကုလားတောင် ကျွန်တော်ကိုမှတ်မိနေပါတယ် ကျွန်တော်ကိုမြင်တာနဲ့ ဘာစားမလည်းလို့မေးတောင်မမေးတော့ပါဘူး ထမင်းဖြူဘူးလေးကို တန်းပြီးထုပ်ပေးပါတော့တယ်။

ဒီလောက်ဆို အစ်မမေအိခင် ကျေနပ်မယ်လို့ထင်တယ် ကျွန်တော် စားတော်ကဲကြီးလည်း ဆားမပါဆီမပါ အဲ့ဒီလို စားခဲ့ရပါတယ် အစ်မရေ ဒီခေတ်အမြင်နဲ့ ကြည့်ရင် ကျန်းမာရေးတော့

ညီညွတ်မယ်ထင်တယ် အဲ့လိုစားတာ ဟုတ်လားအစ်မမေအိခင်..?
အားလုံးပဲ ကျွန်တော်ရဲ့ စိတ်ညစ်သွားစေနိုင်တဲ့ Tag လေးမှာ ပျော်ရွှင်ကြပါစေ။



AddThis Social Bookmark Button

Monday, October 6, 2008

မသေခင်နဲ့ပထမဆုံးများ

မသေခင်နဲ့ပထမဆုံးများ
အမှန်တိုင်းပြောရရင် TAG ကိုကြောက်ပါတယ် တစ်ခါပဲတက်ဖူးပါတယ် ဘာဖြစ်လို့ကြောက်လည်းဆိုတာတော့ မရှင်းပြတော့ပါဘူး အခု ကျွန်တော်အစ်မ မေအိခင်(လယ်ဝေး) က မောင်လေးရင်ခတ်နွယ် နာမည်ကိုယ်တိုင်နဲ့ TAG ထားတော့ နေလို့မရတော့ပါဘူး။အစ်မ မေအိခင်ကို ခင်လည်းခင်သလို လေးစားတာကြောင့် ဒုတိယအကြိမ်တက်ပါပြီ။
မသေခင် ၁၀ ရက် ဘာလုပ်မလဲ တဲ့ တစ်ခါမှ မစဉ်းစာမိခဲ့ပါဘူး သေချင်တဲ့ အချိန်သေပေါ့ အဲ့လိုပဲ စဉ်းစားထားခဲ့တာပါ ။အခု အချိန် ၁၀ ရက်တောင်ရတော့ ပထမဆုံး ၁ ရက် မြန်မာပြည်ကို ပြန်မယ် ၂ ရက်မြောက်တဲ့ နေ့မှာ မိသားစု အားလုံးနဲ့နေမယ် အမေ့ပေါင်ပေါ်မှာ အရင်လိုခေါင်းအုံးပြီး အမေ့မျက်နှာကိုကြည့်ပြီး စကားတွေပြောမယ် ။အဖေနဲ့တော့ ပွင့်ပွင့်လင်းလင်း ကိုယ်လုပ်ချင်တာတွေကိုမှာခဲ့မယ် ။၃ ရက်မြောက်နေ့မှာ မိတ်ဆွေ သူငယ်ချင်းတွေကို လိုက်နူတ်ဆက်မယ် သူတို့နဲ့ လဖက်ရည်ဆိုင်ထိုင်မယ် စကားတွေပြောမယ် သူတို့နဲ့ ဟာသတွေပြောမယ် ။၎ ရက်မြောက်နေ့မှာ ခွေးတွေ ငါးတွေ ငှက်တွေကို အစာလိုက်ကျွေးမယ် သူတို့တွေကို အစာကျွေးရတာ ၀ါသနာပါတယ် စိတ်ချမ်းသာတယ်။ ၅ ရက်မြောက်နေ့မှာ ချစ်သူကိုသွားတွေ့မယ် စကားတွေ အများကြီးပြောမယ် ကျွန်တော်မရှိလည်း ဘ၀ကိုရဲရဲ လျေက်ရဲအောင် အားပေးမယ် ၇ ရက်မြောက်တဲ့ နေ့အထိသူဘေးနားမှာရှိနေပေးမယ် သူစိတ်ချမ်းသာအောင်ထားမယ် လျောက်လည်မယ် ဓါတ်ပုံတွေ အတူရိုက်မယ် ကျွန်တော်သေမယ်လို့တော့ ပေးမသိပါခဲ့ပါဘူး ပြုံးပြုံးလေး ချစ်သူကိုနူတ်ဆက်ခဲ့မယ် ။ ၈ ရက်နဲ့ ၉ ရက်နေ့မှာ မိသားစုနဲ့ အတူပြန်နေမယ် ၁၀ရက်နေ့မနက်မှာ ရေချိုး ဘုရားရှိခိုးပြီး အဖေနှင့်အမေ အဖွားကို ကန်တော့ပြီး ကဗျာ တစ်ပုဒ်ရေးမယ်။ စားချင်တဲ့ဟင်းနဲ့ထမင်းစားမယ် ပြီးရင် အခန်းထဲကိုဝင် လူဆိုတာသေမျိုးပဲလို့ စိတ်ထဲနှလုံးသွင်းမယ် သရဏဂုံ တင်ပီး ကော်ဖီ ခါးခါးတစ်ခွက်သောက်ပြီး အိပ်တော့မယ်။
တဆက်တည်း.....

အစ်မမေအိခင် TAG ထားတဲ့ ပထမဆုံးတွေကို ပြောပြမယ်.....


ပထမဆုံးလူဖြစ်တာ - ၈.၉.၁၉၇၇ ကြာသာပတေးနေ့

ပထမဆုံးတက်ခဲ့တဲ့ကျောင်း- အ.မ.က.(၁)သာကေတ

ပထမဆုံးဆရာ - ဆရာမ ဒေါ်သန်းစု (သူငယ်တန်းအတန်းပိုင်ပါ)

ပထမဆုံးသူငယ်ချင်း- ဇော်မင်းလွင်နဲ့ဝင်းနိုင်ပါ ဇော်မင်းလွင်က အခုလုပ်ငန်းရှင်ဖြစ်နေပါတယ် ၀င်းနိုင်ကတော့ ဘ၀ပျက်ပြီး ပေတေနေတယ်လို့သိရတယ်။

ပထမဆုံးဖတ်မိတဲ့စာအုပ်-မိုးသောက်ပန်း တော်တော်လေးကို နှစ်သက်ခဲ့ပါတယ်။

ပထမဆုံးရွတ်တဲ့ကဗျာ- ရောင်စုံဘောလုံး ကဗျာလေးပါ။အခုထိမှတ်မိနေပါသေးတယ်။

ပထမဆုံးချစ်သူ-ရန်ကုန်မှာပါပဲ

ပထမဆုံးအသဲကွဲတာ-၂၀၀၇ (နဲနဲတော့ ခါးသက်တယ် )

ပထမဆုံးရခဲ့သောဆု-မြန်မစာ ဆရာဒိုးကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့တဲ့ ထန်းတက်သမားဘ၀ စာအုပ်လေးပါ ခက်ဆစ်အားလုံးမှန်တဲ့ အတွက်ပေးခဲ့တဲ့စာအုပ်လေးပါ။

ပထမဆုံးဆိုဖူးတဲ့ သီချင်းက - တန်ဆောင်တိုင်ပွဲမှာ သူငယ်ချင်းတွေနဲ့တက်ကရင်း ဆိုခဲ့တဲ့သီချင်းပါ ခေါင်းစဉ်တော့ မမှတ်မိတော့ပါဘူး သီချင်းစာသားက ..ဒို့ငယ်ငယ်တုန်းက.ရောင်ပေးစူးလေးတွေနဲ့ကွယ်..ပုဆိုးကိုစလွယ်သိုင်း...ရွာဝိုင်းပတ်လည်..တစ်ယောက်နဲ့ တစ်ယောက် အပျောက်မခံကြပဲ ..

ပထမဆုံး ရေးခဲ့သော ရည်းစားစာ-သူငယ်ချင်းတွေ အတွက်ရေးပေးခဲ့တာပါ လက်ရေးလှလို့ရယ်စာသားလှလှလေးတွေကြောင့်ပါ ကိုယ်ယ့်အတွက် တစ်ခါမှမရေး ဖြစ်ခဲ့ပါဘူး ။

ပထမဆုံးရေးခဲ့ဖူးတဲ့ကဗျာ -အရင်ကရေးခဲ့တာမမှတ်မိတော့ပါဘူး ဘလောစ့်စရေးတဲ့အချိန်မှာရေးခဲ့တဲ့ ကဗျာက ဆောင်းခိုငှက်သို့အလွမ်း ။

ပထမဆုံးရောက်ဖူးတဲ့အခြားမြို့-မော်လမြိုင်

ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံရပ်ခြား-မလေးရှား

ပထမဆုံးထမင်းငတ်တာ-အလုပ်ပြုတ်တဲ့ အချိန် မလေးရှားမှာ သူငယ်ချင်း ညီအစ်ကိုတွေရှိနေရက်နှင့် မာနကြောင့် အောက်ကျမခံပဲနေခဲ့တာကြောင့် ထမင်းငတ်ခဲ့ဖူးပါတယ်။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်-ငါးသုံးလုံးပါ 555 စီးကရက်နှင့် စပြီးဆေးလိပ်သောက်သင်ခဲ့တာပါ။

ပထမဆုံး သောက်ဖူးသော အရက်-မန္တလေး ရမ်

ပထမဆုံး ပစ်ဖူးသော သေနပ် - ရိုင်ဖယ် နှစ်ဆယ်လေးတောင့် ပစ်ခဲ့ဖူးပါတယ် သင်တန်းတစ်ခုမှာ။

ပထမဆုံး ဘလော့ပို့စ် - ကျွန်တော်ရဲ့နှလုံးသားပြတိုက်ထဲက ဂျစ်ကန်ကန်ဝတုတ်မလေးတစ်ယောက်ရဲ့ ပုံရိပ်များ။

ပထမဆုံး ၀င်ငွေရှာသော အလုပ် - မူလတန်းကျောင်းသား လေးတန်းလောက်မှာ စပယ်ပန်းကုံးလေးတွေ လိုက်ရောင်းဖူးပါတယ်။

ဒီလောက်ဆို အစ်မမေအိခင် ကျေနပ်လောက်မယ်လို့ထင်ပါတယ် ဒါကျွန်တော်ရဲ့ ပထမဆုံးတွေပါ ။





AddThis Social Bookmark Button

Monday, September 29, 2008

မျက်ရည် တောက်တောက်ကျပြီး ပြန်လာစေရမယ်

တစ်ခါက ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်သည် မြို့တက်ပြီးအလုပ်လုပ်နေသော ချစ်သူထံမှ စာမလာ သတင်းမကြားသည်မှာ အတော်ကြာနေပြီ ဖြစ်သဖြင့် စိတ်ပူကာ မစားနိုင်မသောက်နိုင်နှင့် တမှိုင်မှိုင် တတွေတွေ ဖြစ်နေသည်။ကောင်လေးအဖြစ်ကို ကြည့်ကာ ဦးလေးဖြစ်သူသည် မနေနိုင်မထိုင်နိုင်ဖြစ်ကာ တူဖြစ်သူအား မင်းကွာ သေတော့မဲ့ အတိုင်းပဲ ဘယ်လိုဖြစ်နေတာလည်း...? မင်းကောင်မလေး ရွာကိုပြန်လာအောင် ငါကူညီမယ် စာတစ်ကြောင်းငါရေးပေးလိုက်မယ် မင်းကောင်မလေး စာဖတ်ပြီးတာနဲ့ ရွာကို မျက်ရည်တောက်တောက်ကျပြီး ချက်ချင်းပြန်လာစေရမယ်။စာရွက်နဲ့ ဘောပင်သာ ငါ့ဆီယူလာခဲ့ ။

ထိုအခါ.....

တူဖြစ်သူ။ ။ဟုတ်ပါ့မလား ဦးလေးရယ်

ဦးလေး ။ ။မင်းရဲ့ဦးလေး စာရေးဆရာပါကွ မယုံဘူးလား..?
မင်းကောင်မလေး ငါ့စာကိုဖတ် ပြီးတာနဲ့ မျက်ရည်တောက်တောက်ကျပြီး
ပြန်လာစေရမယ်။

တူဖြစ်သူ။ ။ဒါဆို ကျွန်တော် ဘယ်လိုရေးရမှာလည်း..?

ဦးလေး ။ ။ကဲ..ကဲ..ငါပြောသလိုသာရေးလိုက်..,

"နင့်အမေ ဆုံးပြီ အမြန်ပြန်လာပါ" ။



AddThis Social Bookmark Button

Thursday, September 25, 2008

တိုက်စားရာလမ်း


ယုံကြည်စွာ ဖမ်းဆုပ်လိုက်တာက မရှိခြင်း

အသိစိတ်တွင်းမှာက နောင်တ

အမှောင်ကျတဲ့ နေ့မှာ

ပင်လယ်ရဲ့ မာယာက

တိတ်ဆိတ်ခြင်းအတိနဲ့ မုန်တိုင်းကိုမြူဆွယ်

မိုးတိမ်....

သူတစ်ကယ် မငိုခဲ့ပါဘူး

မာယာနဲ့ ရွေ့လျား ပင်လယ်ဆီပြန်အသွားမှာ

အမှန်တရား မသိတဲ့သူ

ဒီလူက...

တိုက်စားရာလမ်း....။

ဒီကဗျာလေးက ကျွန်တော်အကြိုက်ဆုံး ကဗျာလေးပါ။ကြာတော့ကြာခဲ့ပါပြီ ရင်ခတ်နွယ် ဆိုတဲ့ ဘလောစ့်ဂါတစ်ယောက် ဖြစ်လာအောင် ပေးခဲ့တဲ့ ခံစားချက်လေးတွေပေါ့။ကျွန်တော်အတိတ်ရဲ့ အရိပ်ဆိုလည်းမမှားပါဘူး ကျွန်တော်တစ်ချိန်က ပြင်ပြင်းထန်ထန်ခံစားနေတာကို ကျွန်တော်ညီလေး
မြစ်ကောက်က မြင်ပြီး ဒီကဗျာလေးကို ချက်ချင်းကျွန်တော်အတွက် ထရေးပေးခဲ့တာပါ။ကဗျာလေးက ကောင်းသလောက် အဓိပ္ပါယ် အပြည့်ရှိပါတယ်
ကျွန်တော်အတိတ်ရဲ့ အရိပ်ကို ဒီကဗျာလေးနဲ့ ဖွင့်ကြည့်ပေါ့။အကြောင်းအရာ တိုက်ဆိုင်လာတဲ့အချိန် ဒီကဗျာလေးကို အားလုံးပဲပြန်လည်ခံစားနိုင်အောင် ကျွန်တော် ပြန်တင်ပေးတာပါ ကဗျာကိုဖတ်ပြီး မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာပေးနိုင်ပါတယ်။



AddThis Social Bookmark Button

Friday, September 19, 2008

ကျွန်တော်ရဲ့ ရင်ထဲက အပိုင်းအစတစ်ခု


ဒီတစ်ပတ် တနင်္ဂနွေနေ့ တစ်မနက်လုံး တိတ်ဆိတ်နေတယ်
မိုးရွာသောကြောင့် အားလုးံလန်းဆန်းနေပေမယ့် ကျွန်တော်တစ်ယောက် ထိုင်ရင်းအိပ်ငိုက်နေတယ်။မိုးရွာသောကြောင့် စားသောက်သူ ဖောက်သည်များ မလာသဖြင့် ကျွန်တော်အလုပ်မရှိပါ ထိုင်နေရတာကြာလာသောအခါ အလွန်အိပ်ချင်လာသည်။အိပ်ချင်ပြေပျောက်ရန် စတိုးဆိုင်တွင် ဆားငံသီးသွားဝယ်ရင်း အိပ်ချင်ပြေ လမ်းထွက်လျောက်လာခဲ့သည်။

ဆိုင်မှအထွက် ကျွန်တော်တို့ဆိုင်နှင့် သုံးဆိုင်ကျော် silver stone ကားတာယာပြုပြင်ရောင်းဝယ်ရေး ဆိုင်တွင် အသက် ၇ နှစ်ခန်းတ၇ုတ်ကလေးလေးတစ်ယောက်သည်၊ကားဘီးဖြူတ်ရန် ချိုင့်(ကားဘီးဖြုတ်ရာတွင် ကားကိုထောက်သောပစ္စည်း) အကြီးစားကြီးကို မနိုင်မနင်း နှိပ်၍ ချိုင့်ထောက်နေသည်ကို ကျွန်တော် ကြည့်ရင်း ဒီပိုစ့်လေးကို ရေးချင်စိတ်ဝင်ခဲ့ပါသည်၊အရင်ကတည်းက ဒီလိုခံစားချက်မျိုး ကျွန်တော်ရင်ထဲမှာ ပေါ်ပေါက်လာခဲ့သည်မှာကြာပြီဖြစ်သော်လည်း ရေးသင့်မရေးသင့် စဉ်းစားရင်းနှင့် ကျွန်တော် အခုရေးမည့် အကြောင်းကိုမရေးဖြစ်ခဲ့ပါ၊အမှားပါမှာလည်းကြောက်သည်။

အခုတော့ ရေးချင်စိတ်ကိုမထိမ်းသိမ်းနိုင်တော့ပါ မှားရင်လည်းမှားသမျှကို ကျွန်တော် ခံပါမည်၊၀ိုင်း၍ဆော်မယ် ဆိုလည်း ဆော်ကြပါ၊လှော်မယ်ဆိုလည်း အလှော်ခံဖို့အသင့်ပါ။

ကားဘီးဖြုတ်ရာတွင်လုပ်နေသော တရုတ်ကလေးလေးသည် အလုပ်သမားမဟုတ်ပါ တာယာဆိုင်ပိုင်ရှင်ရဲ့သူဌေးသားအရင်းလည်းဖြစ်သည်။

တစ်ကယ်လို့ ကျွန်တော်တို့ သားသမီးဆိုရင် ဒီလိုခိုင်းမလား...?

ဒီမေးခွန်းလေး ကျွန်တော် အရင်မေးကြည့်ချင်ပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုး အများစုဟာ ကျွန်တော်မိဘ အပါအ၀င် မိဘတိုင်းက သားသမီးများကိုချစ်ကြပါသည်၊ ကျွန်တော်တို့ သားသမီးသာ ဒီတရုတ်ကလေးနေရာမှာဆိုရင် .....သားရေ သွားမလုပ်နဲ့ ချိုင့်ပြုတ်ရင် အန္တရယ်ရှိတယ် နောက်ဆုတ်နေ၊မလုပ်နဲ့နော် ခါးနာလိမ့်မယ် အိပ်ပေါ်တက်နေ ...ဒီလို အများအားဖြင့် ပြောကြလိမ့်မယ်လို့ထင်ပါတယ်။အများစုကိုပြောတာပါ လူတိုင်းမိဘတိုင်းတော့ မဟုတ်ပါဘူး။

ကျွန်တော် တစ်ကယ်ပြောချင်တဲ့ အရာက ဒီတရုတ်ကလေးလေး အသက်ငယ်ငယ်နဲ့ အလုပ်လုပ်နေတာကို ပြောချင်တာမဟုတ်ပါဘူး။

ကျွန်တော်ပြောချင်တာက ဘာဖြစ်လို့တရုတ်လူမျိုးတွေဟာ နိုင်ငံတော်တော်များများမှာ လူချမ်းသာ မျိုးနွယ်စုအဖြစ်နေရာယူနိုင်ကြတာလည်း...?အရှေ့တောင်အာရှ နိုင်ငံတိုင်းနီးပါးမှာ တရုတ်လူမျိုးတွေဟာ လုပ်ငန်းကြီးတွေ၊ စီးပွားရေးတွေ တော်တော်များများကို ပိုင်ဆိုင်ကြပါတယ်။ဘာဖြစ်လို့ သူတို့တွေ ချမ်းသာရတာလည်း...? တန်ခိုးတွေရှိလို့လား...?ကျွန်တော်စဉ်းစားမိတယ် ဒါတော့ ဖြစ်နိုင်မယ်မထင်ဘူး...။

ဒါဆို တစ်ခြားလျို့ဝှက်ချက်တော့ရှိမယ်ထင်တယ် ၊ ဒါမှမဟုတ်အဆောင်ကောင်းတွေဂှိနေလို့လား...?

တစ်ခြားတစ်ဖက်မှာ ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ ဘာဖြစ်လို့ဆင်းရဲသားများကြတာလည်း...?

တစ်ရုတ်တွေကတစ်နေ့တစ်ခြား မြို့လယ်ခေါင်တွေမှာ တိုက်ခန်းတွေ ပိုင်ဆိုင်လာသလို၊ကျွန်တော်တို့မြန်မာလူမျိုးတွေက မြို့လယ်ခေါင်အိမ်နေရာကို ရောင်းပြီ မြို့သစ်များသို့ဦးတည်နေကြတယ် ၊ မြေကွက်နဲ့လွတ်လွတ်လပ်လပ်နေရတာ ကြိုက်ကြလို့လား၊ မဟုတ်ပါဘူး သွားရေးလာရေးအဆင်ပြေတဲ့ မြို့လယ်ခေါင်ကနေ ခရီးသွားရတာ ခက်ခဲတဲ့ မြို့သစ်တွေကို ဘယ်သူပြောင်းချင်ပါ့မလည်း၊စီးပွားရေး အဆင်မပြေတော့ မြို့လည်ခေါင်က ဈေးကောင်းရတဲ့နေရာလေးကိုရောင်းချပြီး ဈေးချိုတဲ့ မြို့သစ်တွေဆီ ပြောင်းကြရပါတယ်။ကျွန်တော်ကိုယ်တွေ့ပါ ကျွန်တော်အရမ်းချစ်သော ကျွန်တော်ငယ်သူငယ်ချင်းတွေ ဒီလိုနဲ့အကုန်ခွဲခွာသွားရတာပါ။

တစ်ကယ်တော့ တရုတ်လူမျိုးတွေ နိုင်ငံတိုင်းမှာ နေရာယူနိုင်တာက တန်ခိုးရှိလို့လည်းမဟုတ်ပါဘူး ၊ အလုပ်ကိုချစ်မြတ်နိုးစိတ် ၊ အလုပ်ကိုကြိုးစားပြီးစီးပွားရှာတဲ့ စိတ်ကြောင့်ပါ၊သူတို့တွေတစ်နေကုန်တစ်နေခန်း စီးပွားရှာကြပါတယ် သူတို့နားနေချိန်ဆိုတာ အလွန်ရှားပါတယ်။
သားသမီးတွေကို လမ်းကြောင်းချပေးတာလည်းတော်ကြပါတယ်။ကျွန်တော်သူငယ်ချင်းတွေ တော်တော်များများဟာတရုတ်တွေပါ ကျွန်တော် ၉ တန်းအောင်တော့ ကျွန်တော်သူငယ်ချင်း တရုတ် ၂ ယောက်စလုံး စာမေးပွဲကြပါတယ် သူတို့တွေကိုယ်တိုင်လည်း စာကိုစိတ်မ၀င်စားကြပါ။စာမေးပွဲကျတဲ့နှစ်မှာပဲ သူတို့ကို မိဘတွေကကျောင်းထုတ်လိုက်ကြပါတယ် ။

သူတို့က ကျွန်တော်ရဲ့အခင်ဆုံးသူငယ်ချင်းတွေပါ သူတို့မိဘတွေကို ကျွန်တော်စိတ်အတော်ဆိုးပါတယ် အဲ့ဒီအချိန်က ကျောင်းထုတ်တဲ့ ကိစ္စနှင့် သူ့တို့မိဘတွေကို ကျွန်တော်စကားမပြောပါ။သူတို့ကိုကျောင်းထုတ်၍ မိဘတွေက တစ်ယောက်ကို အိမ်က ကားလုပ်ငန်းတွင် ကားစပယ်ယာလိုက်ခိုင်းပါသည်၊တစ်ယောက်က သူ့အဖေ သံအရောင်းအ၀ယ်လုပ်ငန်းတွင် ခိုင်းပါတော့သည်။ကျွန်တော်မိဘတွေဆိုရင် ဒီလိုခိုင်းမည်မဟုတ်ပါ သားရေ တစ်နှစ်စာထပ်ကြိုးစား ကျောင်းပြန်တက် ပညာတတ်ကြီးဖြစ်မှ သက်တောင့်သက်သာ ဘ၀ကိုဖြတ်သန်းနိုင်မှာ ကျောင်းပြန်တတ်နော်...အဲ့လိုပြောမှာအမှန်ပါ။ကျွန်တော်မိဘတွေ ကျွန်တော်ကိုချစ်မြတ်နိုးစိတ်နှင့်ပြောတာဖြစ်ပါသည်။

တစ်ကယ်တော့ ကျွန်တော်သူငယ်ချင်းရဲ့မိဘတွေဟာ သူ့သားတွေပညာရေးကိုစိတ်မ၀င်စားတာ သိကြပါတယ်၊ ပညာရေးကိုစိတ်မ၀င်စားပဲ ကျောင်းတက်နေရင် အချိန်ကုန်မှာစိုးလို့ အိမ်ကစီးပွားရေးလုပ်ငန်းမှာ အခြေခံကစပြီး ပုံစံချပေးခဲ့တာပါ သူတို့လည်းစိတ်ဝင်စားတယ် သားသမီးတွေအတွက် အကျိုးရှိမယ်ဆိုတာကိုတွက်ပြီးလုပ်စေခဲ့တာပါ အခုချိန် ကျွန်တော်သူငယ်ချင်းနှစ်ယောက်စလုံးနေရာကြ တော်တော်လေးအဆင်ပြေနေတဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေကြပါပြီ။အတန်းပညာ မတတ်လည်းဘ၀ကို သက်တောင့်သက်သာဖြတ်သန်းနိုင်တဲ့ ပညာတွေ လောကကြီးမှာ သင်ယူလို့မကုန်နိုင်ပါဘူး။

ကျွန်တော်အဖွား ကျွန်တော်ငယ်ငယ်က အမြဲပြောပြတဲ့ တစ်ကယ့်အဖြစ်အပျက်ပုံပြင်လေး တစ်ခုကိုပြောပြချင်ပါတယ် ဟိုးတုန်းက မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့မှာ အတီးဆိုတဲ့ တရုတ်ကြီးတစ်ယောက်ရှိပါတယ် အတီးကအတော်လေးဆင်းရဲပါတယ် ၀က်လေးတစ်ကောင်နှစ်ကောင်လောက်မွေးထားပါတယ် သူရဲ့ဝက်တွေအတွက် ၀က်စာကို အိမ်တွေမှာ ၀က်စာပုံးထားပြီးလိုက်သိမ်းပါတယ် ၊ အတီးအမြဲဝတ်တဲ့အကျီ င်္က စွတ်ကျယ်လပ်ပြတ်လေးပါ ဘောင်းဘီတိုကလည်းအစုတ်အပြတ်ပါပဲ တော်တော်နဲ့လည်း ဒီအ၀တ်အစား ယူနီဖောင်းကိုမလဲပါဘူး ဒါဝတ်ဒါချွတ်ပဲ လုပ်ပါတယ် တစ်နေ့လာလည်း ဒီအတိုင်းပါပဲ လူတွေက အတီးကို မြင်တိုင်း ပြောကြပါတယ် အတီးအ၀တ်အစားအကောင်းလေးတော့ ၀ယ်ဝတ်သင့်တယ် နေ့တိုင်းလည်း ဒီစွတ်ကျယ်လက်ပြတ်နဲ့ဒီဘောင်းပြီပဲ မင်းသေရင်မင်းနောက်မပါပါဘူး၊ အဲ့လိုလူတွေ ပြောတိုင်းအတီက ပြုံးပြုံးလေးနဲ့"၀"..ကပြည်ကြီးကနေစီးပွားလာရှာတာလေ မ၀တ်နိုင်သေးလို့ပေါ့ "၀"..၀တ်နိုင်တဲ့ အချိန်ကြရင် ၀တ်မှာပါ အခုတော့ အချိန်မကျသေးလို့ပါ။

ဒါနဲ့လူတွေက အတီးကို ဒါဝတ်ဒါချွတ်လို့ ခေါ်ကြတယ် စကြနောက်ကျတယ် ...။လူတွေဘယ်လောက်ပဲ ပြောပြော အတီးကအပြုံးမပျက်ပါဘူး စွတ်ကျယ်လက်ပြတ် အစုတ်ကြီးကို ၀တ်မြဲတိုင်းဝတ်ပါတယ၊ ဒီလိုနဲ့ အတီးဟာ နှစ်အနည်းငယ်ကြာတဲ့ အချိန်မှာ အလုပ်ကြိုးစားပြီး ချမ်းသာတဲ့ ဘ၀ကိုရောက်သွားပါတယ် ။ သူတို့မြို့လေးမှာ အတီးပိုင်လယ်ယာတွေကို လက်ညှိးထိုးလို့မလွဲ ပါဘူး အရင်က အတီးကို ဒါဝတ်ဒါချွတ်လို့ ခေါ်ခဲ့တဲ့ သူတွေဟာ အတီးဆီမှာ လယ်ယာတွေကို ပေါင်ရတဲ့ အခါ ။အတီးက မင်းတို့ "၀" ကိုမှတ်မိလား...? အရင်ကမင်းတို့ "၀" ကို ဒါဝတ်ဒါချွတ်လို့ ခေါ်ခဲ့ကြတယ်လေ "၀" ဒါဝတ်ဒါချွတ်လို့ပဲ ဒီဘ၀ကိုရောက်တာ အခု "၀" မင်းတို့ထက် သာအောင်ဝတ်နိုင်ပြီလေ ၊အခု "၀" ၀တ်ချင်တာဝတ်လို့ရပြီလို့ပြောပါတယ်။

တစ်ကယ်တော့ အတီးဟာ လုံလောက်တဲ့ ၀င်ငွေမရနိုင်သေးလို့ မသုံးခဲ့တာပါ သူ့မှာ ခိုင်မာတဲ့ စီးပွားရေးရှိတဲ့အချိန် သူ့သုံးငွေဟာ သူ့ဝင်ငွေကို မထိခိုက်နိုင်လောက်အောင် ချမ်းသာတဲ့ အချိန်ကြမှ သုံးခဲ့တာပါ..။

ကျွန်တော် သူဋ္ဌေးလင်မယားမှာ အသုံးအစွဲ အလွန်စီစစ်ပါသည် ဆိုင်ထဲမှ ၀င်ငွေကို အပြင်အတွက်မသုံးစွဲပါ ပိုက်ဆံအိတ် နှစ်အိတ်ထားပါသည် အပြင်သုံးရန်တစ်အိတ် ဆိုင်အတွက်သုံးရန်တစ်အိတ် ထားပါသည်။ဆိုင်အတွက် တစ်ကျပ်ဖိုး ပစ္စည်းဝယ်ပါစေ ဘောင်ချာ(ငွေစာရင်း)တောင်းပါသည်၊တစ်ခါတစ်လေ ကျွန်တော်ကိုဆိုင်အတွက် အသေးသုံး ပစ္စည်းလေးတွေ ၀ယ်ခိုင်းပါသည်။ကျွန်တော်ဘယ်တော့မှမ၀ယ်ပါ သူဋ္ဌေးနှင့်အမြဲရန်ဖြစ်ပါသည် တစ်ကျပ်ဖိုးဝယ်လည် ဘောင်ချာတောင်းခိုင်းလို့ပါ ကျွန်တော်မတောင်းချင်ပါ။ စားတာသောက်တာကအစ ဘောင်ချာထားပါသည် သူတို့လင်မယားတစ်နေ့ ထမင်းစားစရိတ် တစ်ဆယ်သတ်မှတ်ထားရင် ၁၀ ဖိုးလောက်အောင်သုံးပါသည်။

တစ်ခါတစ်လေ ကျွန်တော် ညဖက် အပြင်ဆိုင်မှာ ထမင်းစားနေရင်း သူတို့လင်မယားထမင်းစားခိုက်နှင့်ဆုံပါသည် သူ့မိန်းမ မိုင်လို(Milo)သောက်ချင်သဖြင့် သူတို့ယူလာသောငွေ မလောက်သဖြင့် ကျွန်တော်ဆီက ပြန်ချေးပါသည်။အဲ့ဒီတော့မှ သူတို့လင်မယားတစ်နေ့တစ်ဆယ်သုံးမှန်း ကျွန်တော်သိရပါသည်။ကျွန်တော်အသုံးစရိတ်မှာ သူတို့နှစ်ယောက်စရိတ်ထက်များနေမှန်း အခုမှသိရပါသည်။ဘယ်လောက်ထိစေ့စပ်လည်းဆိုရင် တစ်ခါတစ်လေ အော်ဒါမှားချက်မိသည့်အခါ ဟင်းပွဲများမှားတတ်ပါသည် ထိုဟင်းပွဲမှာ ပြန်ရောင်းရန်မဖြစ်နိုင်တော့ပါ လွှင့်ပစ်ရင်ပစ် မပစ်လျင် ကိုယ်တိုင်စားရန်သာရှိပါတော့သည် ကျွန်တော်ဆို ဘယ်တော့မှမစားပါ အမြဲလွှင့်ပစ်ပါသည်။ကိုယ်ကိုတိုင် ချက်စားချင်တာစားလို့လည်းရနေသည့်အခြေအနေ ဒီဟင်းပွဲကို ကိုယ်ကကြိုက်မှလည်းစားနိုင်မှာပါ။ ဒါကိုသူဋ္ဌေး မြင်လျှင် ဘယ်တော့မှ လွှင့်မပစ်ခိုင်းပါ ဘယ်လောက်ပဲအေးအေး သူစားပါသည်။ကျွန်တော်သာ သူဋ္ဌေးဆိုစားမည်မဟုတ်ပါ အလုပ်သမားတွေတောင် စားချင်တာချက်စားနေတာကို ကိုယ်မကြိုက်ပဲမစားနိုင်ပါ။

တရုတ်လူမျိုးတွေဟာ အသုံးအစွဲခြွေတာလို့ ချမ်းသာကြတာမဟုတ်ပါဘူး သူတို့လည်းသုံးစွဲကြပါတယ်၊သူတို့ဟာ ရအောင်ရှာနိုင်ပြီးမှ ကောင်းကောင်းစား ကောင်းကောင်းနေ သုံးကြတာပါ။
သူတို့အတွက် လုံလောက်တဲ့ ၀င်ငွေရနေတော့ သူတို့သုံးငွေဟာ သူ့ရဲ့ဝင်ငွေကို မထိခိုက်နိုင်ပါဘူး ထိခိုက်အောင်လည်းမသုံးကြပါဘူး။

ကျွန်တော်အပါအ၀င် မြန်မာလူငယ်တွေ တော်တော်များများဟာ လဘ္ဖက်ရည် ဆိုင်ထိုင်ရတာ ၀ါသနာပါကြပါတယ် ။အရင်က ကျွန်တော်မနက်ကတည်းက လဘ္ဖက်ရည်ဆိုင် ထိုင်လိုက်တာ ထမင်းစားချိန်ရောက်မှ အိမ်ပြန်ရောက်ပါတယ် ကျွန်တော်ကိုအဖေက လဘ္ဖက်ရည်ဆိုင် ထိုင်တာမင်းဘာရလည်းမေးရင် ကျွန်တော် ဘာပြန်ဖြေရမလည်းမသိပါ။တစ်ကယ်လည်း ဘာရမှန်းကျွန်တော်မသိပါ။ခပ်တည်တည်နဲ့ပဲ ထမင်းခူးစားလိုက်ပါတယ် ညရောက်တော့ တစ်ခါသူငယ်ချင်းတွေနှင့် လဘ္ဖက်ရည်ဆိုင် ပြန်ထိုင်ပါတယ်။ဘာမှမရပေမယ့် ထိုင်လို့တော့တော်တော်ကောင်းပါတယ်။ဒီလိုနဲ့ ကျွန်တော်ဘ၀မှာ အများကြီးနောက်ကျခဲရပါတယ်..။

ကျွန်တော်ဆိုင်ပိုင်ရှင်ဟာ သူ့သားငယ်လေးကို ဆိုင်မှာ ပန်ကန်သိမ်းခိုင်းပါတယ် စားပွဲခုံသုတ်ခိုင်းပါတယ် ကလေးဟာ ငယ်သေးတော့ တစ်ခါတစ်ရံမှာ ပန်ကန်တွေကျကွဲပါတယ်။ကျွန်တော်က သူဋ္ဌေးကို မလုပ်ခိုင်းပါနဲ့ကွာ မင်းသားငယ်သေးတော့ ပန်ကန်တွေကျကွဲတယ်ကွ..။သူဋ္ဌေးက ကျွန်တော်ကို အဲလစ်(ကျွန်တော်နာမည်) ပန်ကန်တစ်ချပ်ဘာမှ မတန်ပါဘူးကွာ ငါ့သားအလုပ်လုပ်ချင်စိတ် သူ့ရင်ထဲရောက်သွားရင် တစ်နေ့တစ်ချပ် ကျကွဲလည်း တန်ပါတယ်။ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့ပါ..။

ကျွန်တော်တို့လူမျိုးတွေဟာ ရတာနဲ့ရောင်ရဲတတ်တဲ့ အကျင့်လည်းရှိပါတယ်၊ဒီလောက်ရရင်တော်ပါပြီဟာ ...ဒီလောက်ရလည်းမနည်းပါဘူး...ဒီလိုလက်သုံးစကားတွေ အမြဲသုံးတတ်ကြပါတယ်၊အခုဒီလောက်ရရင် ဒီထက်ပိုရအောင် လုပ်မယ်လို့ စိတ်ကူးမရှိပါဘူး၊ရတာနှင့် ရောင်ရဲနိုင်တာလေးက စိတ်ပိုင်းဆိုင်ရာကနေကြည့်ရင် တော်တော်စိတ်ချမ်းသာတဲ့ ကိစ္စပါ တော်တော်လေးလည်းကောင်းပါတယ်။ ဥစ္စာစီးပွားရှာတဲ့နေရာမှာတော့မကောင်းပါဘူး ၊ လောဘကြီးဖို့ ပြောတာတော့မဟုတ်ပါဘူး ဒါပေမယ့် အခုဒီလောက်ရရင် ဒီထက်ပိုရနိုင်တဲ့ နည်းလေးကိုစဉ်းစာတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်စာဖတ်ရင်း ရခဲ့တဲ့စာစုလေးပါ ဘယ်သူရေးတယ်ဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး ကျွန်တော်စာအုပ်ထဲမှာ မှတ်ထားမိတာလေးပါ။

တစ်ပြားရ တစ်ပြားသုံးလျှင် သာမည ရိုးစင်းသည့် လူ့ဘ၀တည်း။

နှစ်ပြားရ တစ်ပြားသုံးလျှင် အာမခံချက်ရှိသည့် လူ့ဘ၀တည်း။

တစ်ပြားရ နှစ်ပြားသုံးလျှင် အန္တရယ်ကြီးသည့် လူ့ဘ၀တည်း။



အခုလို ဒီပို့စ်လေးကိုရေးလို့ ကျွန်တော်မှာ လူမျိုးရေး ခွဲခြားမူမရှိပါဘူး ၊ ကျွန်တော်ဟာလည်း ဗမာလူမျိုးစစ်စစ်ပါ ၊ တစ်ကယ်လို့ မင်းရောဘာကောင်လဲလို့မေးလာရင် ကျွန်တော်လည်း ဘာကောင်မှမဟုတ်သေးပါဘူး ဒါပေမယ့် မာတောင်တောင်ကောင် ဖြစ်အောင်တော့ ကြိုးစားနေတဲ့လူပါ..။အခွင့်ရလျှင် ကျွန်တော်ရဲ့ အကြောင်းလေးကို ပိုစ့်အဖြစ်ကြိုးစားရေးပါအုံးမည်။ဒီပိုစ့်လေးသည် ကျွန်တော်ရဲ့ စာရေးညံ့ဖျင်းမူကြောင့် စာဖတ်သူတစ်စုံတစ်ရာ အမြင်လွဲမှာစေတယ်ဆိုရင် ကျွန်တော်ရဲ့ စာရေးညံ့ဖျင်းမူ ဗဟုသုတ နည်းပါးမူကြောင့် ကျွန်တော်မှာသာ တာဝန်ရှိပါသည်။




AddThis Social Bookmark Button

Monday, September 15, 2008

ကျနော့်အကြောင်း မေးသမျှလေးတွေ

ကိုယ့်ရဲ့နာမည်…ရင်ခတ်နွယ်လို့ခေါ်လို့ရပါတယ် ..။ရင်ကိုလာရောက်ရိုက်ခတ်တဲ့ နွယ် ပန်းနွယ်ပဲဖြစ်ဖြစ် ဆူးနွယ်ပဲ ဖြစ်ဖြစ် နာကျင်ရတာက အမှန်ပဲလေ ကျွန်တော်ရင်ကိုခတ်သွားတဲ့ နွယ်ပင်တွေမို့ ရင်ခတ်နွယ်လိုခေါ်ပါတယ် ကျောကိုလာခတ်တဲ့ အခါနဲ့ကြုံရင် ကျောခတ်နွယ်လို့ ပြောင်းချင်ပြောင်းခေါ်ချင် ခေါ်ပါ့မယ်။

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ......ရင်ခတ်၊ငခတ်...ဘယ်လို့ပဲခေါ်ခေါ်ပါ ကြိုက်သလိုသာခေါ်ပါ ရေခပ်လို့တော့ မခေါ်ပါနဲ့ ဗလမတောင့်လို့ပါ။

ကိုယ်ဒီမှာနေတယ်..အခုတော့ မလေးရှားမှာ ခဏနေတယ် ၊ လက်တစ်ဖက်နဲ့နှပ်သုပ်ရင်း ကျန်လက်တစ်ဖက်နဲ့ ဟင်းချက်နေတယ် အဲ့ဒါနဲ့ ဘ၀အတွက် မသေမရှင်စာ လစာလေးရတယ်။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ..ဖုန်းနံပါတ်လေးတွေ နှိပ်ပြီးဆက်...မနှိပ်ချင်ရင် အော်သာခေါ်။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက....ငါးခြောက်နှင့်ဆီထမင်း။

အရောင်ဆိုရင်….အဖြူစွတ်စွတ်...ဖြူလေကောင်းလေ။

အ၀တ်အစားဆိုရင်...နို့နှစ်ရောင် ဘောင်းဘီတို နှင့်တီရှပ်အဖြူ ။

အစားအစာဆိုရင်….ကောင်းတာဆို အကုန်လာထား..၊ ရှိသေးရင်ထပ်ပေးပါ..။

ပစ္စည်းဆိုရင်.....မီးခြစ်လှလှလေး ဆိုအရမ်းကြိုက် ။

သီချင်းဆိုရင်....အလွမ်းသီချင်းတွေ အကုန်ကြိုက်တယ်၊လွမ်းလေကောင်းလေ။

စာရေးစာဆရာ...အားလုံးကိုကြိုက်တယ် ။ကိုယ်ကလွဲရင်...(ကိုယ်ကစားရေးဆရာ ကျနေတာပဲ ခပ်တည်တည်နဲ့ ကိုယ်ကလွဲရင်တဲ့)

စာအုပ်…....မရီရရင်တောင် တစ်ခုခုပြုံးစေခဲ့ရင် အကုန်ကြိုက်တယ်။

Life style…အားလုံးကိုခင်တတ်တယ် ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်နောက်ပြောင်ပြောင်နေတတ်တယ်၊ကူညီတတ်တယ် ၊ ကိုယ့်ကိုလာကြောရင် ချက်ချင်းတုန့်ပြန်တတ်တယ်၊ အရွဲ့အရမ်းတိုက်တတ်တဲ့ လူတစ်ဦးပါ။

ကိုယ့်ရဲ့ဝါသနာ…ဘ၀အမောတွေကို ဟာသနဲ့ ကဗျာအဖြစ်ပြောင်းလဲတာ။


အလိုချင်ဆုံးလက်ဆောင်…ချစ်သူကောင်မလေးက ပါးကိုဖွဖွလေးနမ်းတာ၊အရမ်းနမ်းတာကြိုက်ဝူး။

ကိုယ့်ရဲ့ အချစ်ဆုံးသူက.....ကောင်မလေးပဲပေါ့။

ကိုယ့်ရဲ့ အလေးစားဆုံးသူက....ကျွန်တော်ရဲ့ အဖေပါ။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက....ကိုယ်အနိုင်ကျင့်သမျှခံတဲ့သူ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက....ကိုယ်အရွဲ့တိုက်သမျှ၊ကိုဆိုးသမျှကို နားလည်မူပေး သီးခံတတ်တဲ့ ကောင်မလေး။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ....ဘ၀မှာ အချစ်ကို ပြဇတ်တစ်ပုဒ်လို ခံစားပြီး တိုက်စားရာလမ်းတစိခုအဖြစ် အသုံးချခဲ့တဲ့သူ။

ရင်အခုန်ဆုံးအချိန်.....ကောင်းမလေးဆီဖုန်းဆက်ရင်း သူ့အစ်ကိုနဲ့ပက်ပင်းတိုးတဲ့အချိန်။

အကြောက်ဆုံးအချိန်...သရဲကားကြည့်တဲ့အချိန်၊တစ်ကယ်ကြောက်တတ်တယ်။

အပျော်ဆုံးအချိန်....သားကြီးအရမ်းချစ်တယ်ကွာလို့ ပထမဆုံးကြားတဲ့အချိန်..။

အမှတ်တရနေ့…အသက် ၃၁ နှစ်ပြည့်တဲ့အချိန် ၈.၉.၂၀၀၈ ည ၁၂ နာရီခွဲ ကျွန်တော်မွေးနေ့လေးမှာ ခဏလေးဖုန်းပြောရင်း ဘ၀နှစ်ခု အရင်းနှီးဆုံးဖြစ်ခဲ့တဲ့ည။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု.....အဲ့ဒီဆုတစ်ကယ်ရှိပါစေလို့ ဆုပြန်တောင်းမယ်။

အချစ်ဆိုတာ.....ပျော့လည်းမပျော့ မာလည်းမာမာ ဘာမှန်းလည်းသိဝူး ၊ ဒါပေမယ့် စွမ်းအားတော့ရှိတယ်။

အမုန်းဆိုတာ….အချစ်ကနေပြောင်းလဲသွားတဲ့အရာ၊ပြန်မချစ်နိုင်တော့တဲ့အရာ။

အလွမ်းဆိုတာ…ကျွန်တော်နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခု။

သံယောဇဉ်ဆိုတာ....ရစ်ပတ်နှောင်တွယ်တတ်တဲ့ သဘောပါ ။

ဘ၀ဆိုတာ….ဘ နဲ့စလို့ပါ က နဲ့သာစလို့ က၀ ဆိုရင် ဆုံးမှာမဟုတ်တော့ပါဘူး။

သူငယ်ချင်းဆိုတာ....ကိုယ့်ဘ၀ခရီးရဲ့ သောက်ရေအိုးစင်နဲ့ဇရပ်တစ်ဆောင်။

ချစ်သူဆိုတာ…ကျွန်တော်ကချစ်ပြီး ကျွန်တော်ကိုပြန်ချစ်တဲ့သူ။ (ပြန်မချစ်ရင် မပါဘူးနော်)

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…ဘယ်လိုလူ့ဂွစာလည်းမသိဘူး။

ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က.....ထမင်းစားဖို့မမေ့အောင်နေ။ (ဘ၀မှာ ထမင်းစားဖို့မေ့နေခဲ့တဲ့အချိန်တွေ အများကြီးပါ၊ထမင်းငတ်ခဲ့ရတဲ့နေ့တွေ အပါအ၀င်ပေါ့။)

အပြောချင်ဆုံးစကားတစ်ခွန်း…အချစ်နှင့်ဘ၀ တစ်ထပ်တည်းကျကြပါစေ။


ကျွန်တော်ကို ဘယ်သူမှ tag မထားပါဘူး မြစ်ကောက်ရဲ့ open tag ကြောင့် တက်ဖြစ်တာပါ၊တစ်ခါမှလည်း မtag ခဲ့ပါဘူး အခုတက်ပြီနော် ပြန်မဆင်းတော့ဘူး...။



AddThis Social Bookmark Button

Wednesday, September 10, 2008

နေရာဟောင်း


အလွမ်းတွေနဲ့ တစ်ခါကပန်း
လမ်းတစ်ဝက်မှာ....
တစ်ဝက်တစ်ပျက် ပြန်နမ်းဖူးတယ်

အရင်လိုမမွှေးတော့ပေမယ့် လန်းဆန်းမူတော့ရှိတယ်
ငါ့စိတ်တွေကမွှေးတာလား?
ပန်းကမွှေးတာလား?

မသေချာတဲ့ အဖြေ.....
ခေါင်းကိုကုတ် အလွမ်းတွေထုပ်ပိုးပြီး
အရင်နေရာဟောင်းကို ပြန်ခဲ့တယ်

မထူးခြားတဲ့ နေရာဟောင်း
အဟောင်းတွေက ပြုံးလို့ဆီးကြိုနေခဲ့တယ်..။


တစ်ခါက စိတ်ကူးပေါက်တဲ့ အချိန်မှာ စိတ်ထဲရှိတာလေးကိုချရေးထားတာ နောက်မှ ပြန်ဆက်ရေးမယ်ဆိုပြီး ပစ်ထားတာ အခုစာအုပ်အဟောင်းလေးမှာတွေ့လို့ ဆက်ရေးမယ်ဆိုပြီးရေးတာ ဘာမှရေးလို့မရတော့တာနဲ့ ဒါလေးကိုပဲ ဒီအတိုင်းလေးပဲတင်လိုက်တယ်..။


AddThis Social Bookmark Button

Monday, September 1, 2008

အစိမ်းရောင်သင်္ကေတ နှင့် ကျွန်တော်ရဲ့ဧဒင်


အရမ်းရင်းနှီးခဲ့ကြတာပဲ ရင်ခွင်နှစ်ခုပေါ့
ကမ္ဘာတစ်ခုလိုပဲ ပန်းတွေအဆုပ်လိုက်ပွင့်ဖူးတယ်
တေးသွားချိုတွေ သီကုံးတတ်တဲ့ ငှက်ကလေးရှိဖူးတယ်
မျှော်လင့်ချက်တွေရော..
အနာဂါတ်တွေရော..
ငါကိုယ်တိုင်မသိခဲ့တဲ့ ခွန်အားတွေရော...
တစ်ခါက ဧဒင်လို အပြိုင်အဆိုင် ကြီးကျယ်ခဲ့တယ်။

အခုတော့ ရင်ခွင်နှစ်ခုကြား ဆူးတွေခြားပေါ့
ကမ္ဘာပျက်တစ်ခုလိုပဲ ပန်းတွေအဆုပ်လိုက်ကြွေနေတယ်
တေးဆိုငှက်တွေလည်း အဝေးကိုပြေး လွမ်းတေးသီနေတယ်
မျှော်လင့်ချက် စုတ်တံ..
အနာဂါတ် ဆေးစက်တွေနဲ့..
ငါရဲ့ ဧဒင်ကို အစိမ်းရောင် မင်းသုပ်ပစ်ခဲ့တယ်။


မင်းကိုယ်တိုင်ရွေး ဆေးချယ်ခဲ့တဲ့လမ်း
အစိမ်းရောင်သမ်း စုတ်ချက်မလန်းလည်း
ဒီလမ်းကို မင်ရောငါရော ရဲရဲလျောက်ရမယ်
နာကျင်မယ်ဆိုတာသိလည်း...
အခုတော့
ငါ့ရဲ့ဧဒင်မှာပဲ နာကျင်မူတွေကို
ကော်ဖီခါးတစ်ခွက်လို နှစ်နှစ်ခြိုက်ခြိုက် ငါသောက်တတ်နေပြီ။

တိတ်ဆိတ်မူရပ်ဝန်း အစိမ်းရောင်လမ်း
သင်္ကေတအနွမ်းတွေနဲ့ အရင်လိုမလန်းဆန်းနိုင်တော့တဲ့
အစိမ်းရောင် ငါ့ရဲဧဒင်မှာ
မင်းအတွက် တုန့်ပြန်မူတွေဟာ မလှပနိုင်ခဲ့ရင်
တစ်ခါတစ်လေ ပြောပြမှသိမှာထက်
တို့နှစ်ယောက်ကြား ....
သူစိမ်းလိုနေကြတာ ပိုကောင်းမယ်...။


AddThis Social Bookmark Button

Monday, August 25, 2008

သရဲကြောက်တတ်သူနှင့်သရဲမကြောက်တတ်သူ

ရင်ခတ်နွယ်နှင့် မြစ်ကောက် သူငယ်ချင်းနှစ်ယောက်သည် မျက်နှာချင်းဆိုင်သည်နှင့် တစ်ယောက်နှင့်တစ်ယောက်အပြိုင်အဆိုင် ကြွားတတ်ပါသည်။မကြွားရလျင်လည်း အကြောင်းအရာတစ်ခုကို အစဆွဲကာ ငြင်းခုန်နေတတ်ကြသည်။တစ်ယောက်နှင့်တစ်ယောက် အတင်စီးမခံပဲအမြဲ အပြိုင်အဆိုင်အလုပ်တတ်ကြသည်။
မြစ်ကောက်သည် စကားမရှိစကားရှာကာ ကျွန်တော်ကိုလာကြွားနေသည် ...ဟေ့ကောင် ရင်ခတ် မင်း လမ်းထိပ်က ဒေါ်သန်းတို့ အိမ်ကိုရောက်နေတဲ့ ဒေါ်သန်းတူမ ကောင်မလေး ကိုသိလား?ရောက်တာမကြာသေးဘူး ချောတော့တော်တော်ချောတယ် ငါဒေါ်သန်းတို့အိမ်ရှေ့ရောက်တိုင်း ကောင်မလေးက ငါ့ကိုခိုးခိုးကြည့်တယ်ကွ ကောင်မလေးကြည့်ရတာ ငါ့ကိုစိတ်ဝင်စားတယ်ထင်တယ် မင်းသိပါတယ်ရင်ခတ်ရာ ....၊မဆီမဆိုင် ကျွန်တော်ကပဲ သိရအုံးမယ်..အမြင်ကတ်လာသဖြင့်....
ဟ....ငါကဘာလို့သိရမှာလည်း သိရအောင်မင်းကိုပဲ လိုက်ကြည့်နေရမှာလား..? ဟုတ်မှလည်းလုပ်ပါ မြစ်ကောက်ရာ ဟုတ်ရောဟုတ်လို့လား..?ဟုတ်တာမှသိပ်ဟုတ် ဟုတ်..ဟုတ် လို့တောင် မြည်နေသေးတယ် ရင်ခတ်ရာ ၊ မြစ်ကောက်ပါကွ တစ်မြစ်ပဲရှိတယ် မဟုတ်ရင် နို့ဆီခွက်တောင်ထုပြီးမရောင်းစားဘူး။
ကျွန်တော်က မင်းကောင်မလေးကိုသေချာ ကြည့်ပြီးလို့လား မြစ်ကောက်ရာ....သေချာရော မြင်ဖူးလို့လား..?မမြင်ဖူးပဲ နဲ့လာပြီးလျောက်ပြောမနေနဲ့...ထင်တာတွေလာပြောမနေဲ့ ငါတော့ အဲ့ဒီကောင်မလေးကို သေချာမြင်ဖူးတယ် မြစ်ကောက်ရ ငါဒေါ်သန်းတို့ အိမ်ရှေ့ရောက်တုန်းက ဒေါ်သန်းက ငါ့ကိုခေါ်ပြီး ကိုခတ်ရေ လာပါဦး ဒါအန်တီတူမလေး ဖြူဖြူပါ ရန်ကုန်ကိုကျောင်းတတ်ဖို့ တောင်သာကနေလာတာ ကိုခတ်လည်း မောင်နှစ်မလို သဘောထားပြီး အကူအညီလိုတာရှိရင် မင်းညီမကိုကူညီလိုက်ပါဦး ဆိုပြီး မိတ်ဆက်ပေးသေးတယ်။အဲ့ဒီတုန်းက ငါကောင်မလေးကို သေချာကြည့်မိလိုက်တယ် ကောင်မလေးက မင်းထင်သလို မင်းကိုခိုးခိုးပြီး ကြည့်နေတာမဟုတ်ပါဘူးကွာ မသိမသာလေး မျက်စိစွေနေတာကွ မျက်စိစွေနေတာလေ ဒါကြောင့်မင်းကိုခိုးခိုးကြည့်တယ်လို့ မင်းထင်နေတာနေမှာပါ....။
မြစ်ကောက်သည် ပေါင်ချိန်လို မျက်နှာမဲကြီးနှင့် အေး... ထားပါတော့ ရင်ခတ်ရာ..ထားလိုက်ပါတော့ ဒါနဲ့.. စကားမစပ် မင်းကိုငါမေးစရာရှိတယ် မေးလို့ရမလား..? ကျွန်တော်ကလည်း ပညာရှိကုန်းစွန်းလို မရှိတဲ့မုတ်ဆိတ်မွှေးကို လက်နှင့်အောက်ကိုသပ်ချရင်း မေးပါ ကြိုက်တာသာမေး ဖြေနိုင်တာဆို ငါဖြေမှာပေါ့...။ ငခတ်မင်းကို ဟိုဖက်လမ်းက ဦးဘစိန်သမီး သီတာမြင့်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက မင်းကိုသူတို့ နောက်ဖေးလမ်းမှာ ချိန်းတွေ့တယ်ဆို ကျွန်တော်ကလည်း အိုင်တင်တောင်မခံပဲ ဟုတ်တာပေါ့ ငါတောင အတော်အရဲစွန့်ပြီးသွားတွေ့ လိုက်ရသေးတယ် ရင်တော့တော်တော်လေးခုန်ဖို့ကောင်းတယ် ၊မြစ်ကောက်က ကျွန်တော်ကိုသေချာကြည့်ကာ အံ့သြသည့်ပုံစံဖြင့် အော်...ဒါကြောင့်မနေ့က ဟိုဖက်လမ်းမှာ ပြောနေကြတာ ငါကြားတာကို.. ကျွန်တော်က ဘာပြောနေကြလို့လည်း မြစ်ကောက်ရ.....?ငါ့ကိုလည်းပြောပြစမ်းပါဦး..။
မနေ့က ငါဟိုဖက်လမ်းထဲရောက်တုန်းက မိန်းမတွေပြောနေကြတာလေ နောက်ဖေးလမ်းကြားထဲ ပလပ်စတစ်ကောက်တဲ့ သူတွေမလာပဲနဲ့ လှန်းထားတဲ့ ထမီတွေ တော်တော်လေးပျောက်သွားတယ်လို့ ပြောနေကြတယ်...ဟုပြောပြီး မြစ်ကောက်သည် ထွက်သွားပါတော့သည်။
တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် မြစ်ကောက်သည် ရင်ခတ် ငါအပြင်သွားမလို့ ဘာမှာဦးမလည်း...?ကျွန်တော်ကလည်းအမှတ်မရှိပဲ ဘယ်သွားမလို့လည်း မမှာတော့ပါဘူးဟုပြောမိသည် မမှာရင်လည်းပြီးရော ကောင်မလေးနဲ့ချိန်းထားလို့လေ လျောက်လည်မလို့ ပြန်လာမှပဲ ပြောပြတော့မယ်ကွာ ငါ့ကောင်မလေးနဲ့လျောက်လည်တာတွေကို။
ရင်ခတ် မင်းလည်း အ၀တ်အစားသစ်တွေနဲ့ ဘယ်သွားမလို့လည်း..? ငါလည်းကောင်မလေးနဲ့ လျောက်လည်မလို့လေ မင်းမှကောင်မလေးရှိတာမဟုတ်ပါဘူး မြစ်ကောက်ရာ ငါလည်းရှိပါတယ်ကွ ..ဟဲ..ဟဲ..။မြစ်ကောက်သည် ရှိရင်လည်းသွားကွာ ငါလည်းသွားပြီရင်ခတ်ရေ ပြန်လာမှပဲ မင်းကိုကြွားတော့မယ်ဟုပြောကာထွက်သွားပါတော့သည်။
ညနေထမင်းဝိုင်းတွင် မြစ်ကောက်က ရင်ခတ် ငါဒီနေ့ကောင်မလေးနဲ့ ရုပ်ရှင်သွားကြည့်တာကွ ဒီတစ်ပတ်အသစ်တင်တဲ့ သရဲကားလေ ကောင်မလေးကြောက်မှန်းသိလို့ တမင်ဝင်ကြည့်လိုက်တာကွ...မြစ်ကောက်ပဲလေ ဘာရမလည်း (သူဘာရလည်းကျွန်တော်တစ်ကယ်မသိပါ)ကောင်မလေးကိုမကြောက်ဖို့တောင် အားပေးလိုက်သေးတယ်...။မင်းရော ဘယ်သွားတာလည်း ရင်ခတ်..?ကျွန်တော်က ငါလည်း ရုပ်ရှင်သွားကြည့်တာပဲလေ ကောင်မလေးနဲ့ ဒီတစ်ပတ်တင်တဲ့ သရဲကားအသစ်ပဲလေ သမတ္တရုပ်ရှင်ရုံမှာ ...မင်းရော ဘယ်ရုံမှာကြည့်တာလည်း မြစ်ကောက်ရ ...?ငါတို့ကရှေ့ဆောင်ရုပ်ရှင်ရုံမှာ ရင်ခတ်ရ ...သရဲကားက စိတ်ဝင်စားဖို့ကောင်းပြီး အရမ်းခြောက်တာ တော်တော်လေးကိုကြောက်ဖို့ကောင်းတယ် ခြောက်လိုက်တာလည်း လွန်ပါရော...။
ကျွန်တော်ကမဆီမဆိုင် အားအားယားယား သွားမေးမိသည်..။ မြစ်ကောက် မင်းသရဲကြောက်တတ်လာ..? ကျွန်တော်ကမေးသည်ကို မြစ်ကောက်က ဘာလို့ကြောက်ရမှာလည်းကွ ကောင်မလေးကကြောက်လို့တောင် ငါသူ့လက်ကို ကိုင်ပြီးမကြောက်ဖို့အားပေးနေရတာဟု မြစ်ကောက်က သူ့ကိုသူ တရုတ်သိုင်းကားမှ သူရဲကောင်း လေသံနှင့် ပြန်ပြောပါသည်။ဒါနဲ့ ရင်ခတ် မင်းရော သရဲကြောက်တတ်လား...? မြစ်ကောက်က ကျွန်တော်ကိုမေးလာသည့်အခါ...
ကျွန်တော်က ကြောက်တာပေါ့ မြစ်ကောက်ရ ငါကသရဲဆိုအရမ်းကြောက်တတ်တာ...ဘာကြောက်စရာလိုလည်းရင်ခတ်ရ မင်းကယောက်ကျားလေးပဲ တစ်ကယ်ဆိုမင်းမကြောက်သင့်ဘူးကွ မင်းကောင်မလေးက မင်းကိုဘယ်လိုအားကိုးမှာလည်း...?ဆရာကြီး ပဲဟင်းရောင်းသည့်လေသံနှင့်ဆရာလုပ်ပါတော့သည် ။
ဟာ...ယောက်ကျားက ယောက်ကျားပဲ မြစ်ကောက်ရ သရဲကြောက်တာက ကြောက်တာပဲ သရဲဆို ငါက ငယ်ငယ်လေးကတည်းက အရမ်းကြောက်တာ ဒီနေ့တောင် ကောင်မလေးနဲ့သရဲကားကြည့်တာ ငါကြောက်လွန်းလို့ ရုပ်ရှင်စပြကတည်းက သရဲကားက စခြောက်တာနဲ့ ငါလည်းကြောက်လွန်းလို့တုန်ပြီး ကောင်မလေးပခုံးကိုဖက် ခေါင်းငုံ့ပြီး သူ့ရင်ခွင်ထဲဝင်နေလိုက်တယ် ရုပ်ရှင်တာပြီးသွားတယ် သရဲကား ဘာမှန်းတောင် မသိလိုက်ပါဘူး မြစ်ကောက်ရာ..။ ကျွန်တော်စကား မဆုံးသေး....
မြစ်ကောက်သည်ထိုင်နေရာမှ ၀ုန်း...ခနဲထရပ်ကာ တောက်...တစ်ချက် ပြင်းပြင်းခေါက်ပြီး ငါသရဲမကြောက်မိတာနာတယ်ကွာ...နာတယ်...အရမ်းနာတယ်ဟေ့...
နောက်ဆိုငါသရဲကြောက်တော့မယ်ကွာ..သရဲဆိုတာတစ်ကယ်တော့ ကြောက်ဖို့သင့်တယ်၊ သရဲကြောက်တတ်တော့မယ် သရဲကြောက်တော့မယ်ဟု တတွတ်တွတ်ရေရွတ်ရင်း အခန်းအပြင်သို့ ထွက်သွားတော့သည်....။မြစ်ကောက်ဘာဖြစ်သွားသည်ဆိုတာကို ကျွန်တော်နားမလည်နိုင်ပါ ကျွန်တော် အတွေးများစွာဖြင့် သရဲကြောက်သည်ကိုပြန်စဉ်းစားနေမိသည် ကျွန်တော် ရိုးသားစွာသရဲ ကြောက်တတ်မိခဲ့ပါသည်။
မိတ်ဆွေတို့ရော သရဲကြောက်တတ်သူလား...?သရဲမကြောက်တတ်သူလား..။






AddThis Social Bookmark Button

Thursday, August 21, 2008

အာမခံရဲလိုက်ပုံများ

ရန်ကုန်-မန္တလေးသွား ရထားခရီးစဉ်တွင် ရထားပေါ်သို့ ဈေးတက်ရောင်းသည့် ဈေးသည်များစွာရှိပါသည်။အချိုရည်ပုလင်း၊ထမင်းထုပ်၊အကြော်၊ပြောင်းဖူးပြုတ် အမျိုးအစားစုံလင်စွာ ရောင်းချတတ်ပါသည်။ရထားရပ်သည့် ဘူတာတွင် ဆင်း၍၀ယ်စားရန် အချိန်မလုံလောက်သဖြင့် သူတို့ထံမှ ၀ယ်စားရသည်မှာ ပိုအဆင်ပြေတတ်ပါသည်။ထိုသို့ ရောင်းချတတ်သူများထဲမှ သာစည်ဘူတာမှ မန္တလေးဘူတာ အထိ အမြဲတမ်း အကြော်လိုက်ရောင်းသည့် ကောင်မလေးတစ်ယောက်ရှိပါသည်။
ထိုအကြော်သည် ကောင်မလေးသည် အကြော်ရောင်းသည့်အခါ အခြားဈေးသည် များနှင့်မတူပဲ ထူးထူးခြားခြား အာမခံကာ သူမ၏ အကြော်များကို အော်ရောင်းတတ်ပါသည်။သူမသည် အသံလွင်လွင်လေးနှင့် မျက်နှာလေးပြုံးကာ "အကြော်တွေရမယ် အကြော်စုံတွေ ကြွပ်တယ်၊ ရွတယ်နော် စားကြည့်ပါရှင် မကြွပ်လို့ကတော့ ပါးကိုသာရိုက် "ဟု အာမခံကာ အော်ရောင်းတတ်ပါသည်။
တစ်နေ့တွင် ခရီးသွား ဦးလေးကြီးတစ်ယောက်သည် အကြော်သည် ကောင်မလေးကိုခေါ်ကာ အကြော်များကို ၀ယ်စားပါသည်၊အကြော်သည်ကောင်မလေးသည် ဦးလေးကြီးကို အကြော်များ ရောင်းချပြီးသည့်အခ့ါ ၊အကြော်များကို ဆက်ရောင်းရန် ရှေ့သို့ဆက်သွားသည့် အချိန်တွင် ဦးလေးကြီးသည် အကြော်တွေကလည်း ပြောသလို၊အာမခံသလို မကြွပ်ရွပါလားဟု ပြောမိသည်။ထိုအခါ ရထားတွဲပေါ်မှ ခရီးသည်များသည် အကြော်သည် ကောင်မလေး ဘာများပြန်ပြောမလည်း ဆိုတာကို သိချင်သောကြောင့် အကြော်သည်ကောင်မလေးကို ၀ိုင်း၍ကြည့်ကြပါသည်။
ထိုအခါ အကြော်သည်ကောင်မလေးသည် နောက်သို့လှည်ပင်မကြည့်ပဲ အကြော်အော်ရောင်းနေရာမှ......"အကြော်တွေရမယ် အကြော်စုံတွေ ကြွပ်တယ်၊ရွတယ်နော် စားကြည့်ပါရှင် မကြွပ်လို့ကတော့ အားမနာနဲ့ ပါးကိုသာခေါ်ရိုက်" " ကြော်တဲ့သူကို " လို့အော်ကာ ရှေ့သို့ဆက်သွားပါတော့သည်။



(ရထားပေါ်တွင် ဈေးရောင်းသည့် ခင်မင်ခဲ့ရသော အစ်မ အမာ သို့ သတိရခြင်းများစွာ ဖြင့် ခံစားရေးဖွဲ့သည်။)


AddThis Social Bookmark Button

Friday, August 15, 2008

ဘယ်ကရင်ခတ်နွယ်လည်း?

စာမေရေးဖြစ်တာ အတော်ကြာပါပြီ စိတ်နှင့်လူက တစ်သားတည်းမကျတာကြောင့် စာမရေးဖြစ်ခဲ့ပါဘူး စာရေးဖို့ကြိုးစားတိုင်း ဘာတစ်ခုမှ မဖြစ်လာခဲ့ပါဘူး။ဒီနေ့လည်းသူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်းအကြောင်းပြောရင်း မထင်မှတ်ပဲ ဒီပိုစ့်လေးကို ရေးဖြစ်ခဲ့တာပါ....။
ကျွန်တော် အင်တာနက်အသုံးပြုချိန်များတွင် အရမ်းခင်မင်ရသော သူငယ်ချင်းမိတ်ဆွေများနှင့် ဘလောစ့်ဂါမောင်နှမတွေ အတွက် ကျွန်တော် ဂျီမေးလ်ကို ဖွင့်ထားတတ်ပါသည်။တစ်ခါတစ်ရံ ကျွန်တော် လုံးဝမသိသောမေးလ်များ လာအက်လျှင်လည်း လက်ခံပြီး သူတို့ချက်လျင်လည်း ကောင်းမွန်စွာ ပြန်ဖြေပေးတတ်ပါတယ် တစ်ခါတစ်လေ တစ်ချို့သူများရဲ့မေးခွန်းကြောင့် ကျွန်တော်စိတ်ကသိကအောက် ဖြစ်ရပါသည် ဘယ်လိုပြန်ဖြေရမယ်ဆိုတာ တော်တော်လေးစဉ်းစားရပါတယ်။ဥပမာ။ ။...
နွယ်လေး။ ။ဟိုင်း

ရင်ခတ် ။ ။ ဟုတ်ကဲ့
ပြောပါခင်ဗျာ

နွယ်လေး။ ။ဘယ်သူလည်းမသိဘူး?

ရင်ခတ်။ ။ကျွန်တော် ရင်ခတ်နွယ်ပါ
တွေ့ရတာဝမ်းသာပါတယ်။

နွယ်လေး။ ။ရင်ခတ်နွယ် ဟုတ်လား?
ဘယ်ကရင်ခတ်နွယ်လည်း?

ဘယ်က ရင်ခတ်နွယ်လည်း? ထိုမေးခွန်းသည် သူများတွေအတွက်တော့ ကျွန်တော်မသိပါ ကျွန်တော်အတွက် တစ်ကယ်ကိုပြန်မဖြေချင်သောမေးခွန်းပါ စိတ်ကသိကအောက်လည်းဖြစ်ရပါသည်။ထိုသို့မေးလာလျင် ကျွန်တော်က ကိုရီးယားမင်းသား ရိန်းနဲ့တူတဲ့ ရင်ခတ်နွယ် ပါလို့ပြန်ပြောရင် ရောသိနိုင်ပါ့မလား?အရင်ကတောင်ဒဂုံမှာ နေတယ် အခုအိမ်လခမပေးနိုင်တော့လို့ တောင်ဂျပန်မှာ သွားနေနေတဲ့ ရင်ခတ်နွယ်ပါလို့ ပြောရင် ရောသိနိုင်ပါ့မလား? သူသိနိုင်မယ်ဆိုရင် ဖြေရတာတော်ပါသေးသည်။ထိုမေးခွန်းမျိုးမေးလာသောအခါတွင် မဆီမဆိုင် ကျွန်တော် သူငယ်ချင်း ကိုပါကြီးနှင့်သူ့အဖေ ကိုကျော်ဇံကိုသွားသတိရမိပါသည်။
၁၉၈၈ ခုနှစ် အရေးခင်းကာလတွင် မိမိတို့ရပ်ကွက် လုံခြုံရေးနှင့် လမ်းများလုံခြုံရေးအတွက် မိမိတို့လမ်းအလိုက် ညဖက်လုံခြုံရေးကင်းစောင့်ရပါသည်။ထိုည ကင်းကြသူများသည် မိမိတို့လမ်းသားများသိနိုင်သော စကားဝှက်တစ်ခုထား၍ လမ်းထိပ် ဂိတ်တံခါးမှ ကင်းတာဝန်ကျ သူများက စကားဝှက်ကိုမေးကာ အ၀င်အထွက် ပြုလုပ်ခွင့်ပေးပါသည်။တစ်ညတွင် ကိုပါကြီးနှင့် လမ်းလူငယ်လူကြီးများ ညဖက်ကင်းကျသည့် အချိန်တွင် ဂိတ်တံခါးကို လူတစ်ယောက်လာနေသည်ကို ကိုပါကြီးကတွေ့သဖြင့် လေးခွနှင့် လှမ်းချိန်ကာ....
ကိုပါကြီး။ ။ဟေ့ ရပ်၊ အဲ့ဒီနေရာမှာတင် ရပ်နေ၊
ဘယ်သူလည်း? မရပ်ရင် လေးခွနဲ့ပစ်လိုက်မယ်။
စကားဝှက်ပြော၊

လူတစ်ယောက်။ ။ စကားဝါပါ

ကိုပါကြီး။ ။စကားဝှက်တော့ မှန်တယ်
ရှေ့ကိုနည်းနည်းတိုးခဲ့။
နာမည်ပြော ဘယ်သူလည်း ?
လူတစ်ယောက်။ ။ကျွန်တော် ကျော်ဇံပါ

ကိုပါကြီး။ ။မကြားရဘူး ကြာဇံလား? ကျော်ဇံလား?
နဲနဲကျယ်ကျယ် ပြန်ပြော

လူတစ်ယောက်။ ။ကျော်ဇံပါ
ကိုပါကြီး။ ။ ကျော်ဇံဟုတ်လား? ၊ ဘယ်ကကျော်ဇံလည်း?
ထိုသူသည် ကိုပါကြီးရဲ့ စကားသံကို ကျက်မိ (မှတ်မိ )လာသောအခါ အလွန်စိတ်တိုကာ အသံကျယ်ကျယ်ဖြင့် ဒီမှာ ပါကြီးရေ ဘယ်ကကျော်ဇံလည်းဆိုတော့ဟေ့ မင်းအမေလင်မတင်နွဲ့ယောက်ကျား မင်းအဖေကျော်ဇံဟေ့ ၊ မင်းအဖေကျော်ဇံကွ။
ကျွန်တော်လည်း နောင်အခါ ဘယ်ကရင်ခတ်နွယ်လည်း? လို့မေးလာလျင် ဘယ်လိုပြန်ဖြေရမည်ဆိုတာကို တွေးရင်း တွေးရင်းဖြင့်..........။




AddThis Social Bookmark Button

Monday, June 16, 2008

ငါ့ရဲ့ထာဝရချစ်သူ


ချစ်သူ....
ငါ့ရင်ခွင်မှာမှီ ပါးချင်းအပ်လို့
ချိုမြိန်တဲ့ အနမ်းချိုတွေပေးမှ
ငါ့ရဲ့ချစ်သူဖြစ်တာ မဟုတ်ဘူး...

အနမ်းချိုတွေကင်းမဲ့နေလည်း
အပြုံးလေးတစ်ပွင့်ချွေ
"ကောင်လေး...
ကျန်းမာရေးကို ဂရုစိုက်နော်"
အကြင်နာသင်းတဲ့ စကားတစ်ခွန်းနဲ့
နင်ဟာ ငါရဲ့ထာဝရချစ်သူပါ.....။

ချစ်သူ....
မောင်ရေ...အရမ်းချစ်တယ်ကွာ
မောင့် ကိုချစ်တာယုံနော်လို့
ချိုမြိန်တဲ့ စကားတွေပေးမှ
ငါ့ရဲ့ချစ်သူဖြစ်တာမဟုတ်ဘူး...

ချိုမြိန်တဲ့ စကားတွေကင်းမဲ့နေလည်း
အကြင်နာတွေဝေ
"ကောင်လေး....
နင့်ကို ငါအရမ်းသံယောဇဉ်ရှိတယ်"
မေတ္တာသင်းတဲ့ စကားတစ်ခွန်းနဲ့
နင်ဟာ ငါ့ရဲ့ထာဝရချစ်သူပါ....။

ချစ်သူ...
ငါ့ဘေးမှာနေ ငါ့လက်မောင်းကိုခိုတွဲလို့
မာယာတွေနဲ့ သ၀န်တိုပြနေမှ
ငါ့ရဲ့ချစ်သူဖြစ်တာမဟုတ်ဘူး...

ငါ့ရဲ့အဝေးမှာ နင်နေလည်း
သစ္စာပန်းတွေဝေ
"ကောင်လေး...
ငါ့ကို မမေ့အောင်သတိရနေပေးပါ"
အလွမ်းတွေသင်းတဲ့ စကားတစ်ခွန်းနဲ့
မိုင်တိုင်များစွာ ကွာဝေးနေလည်း
နင်ဟာ ငါ့ရဲ့....
ငါ့ရင်ထဲက ထာဝရချစ်သူပါ...။

ကောင်မလေးရေ...
ဘယ်လောက်နီးနီ ဘယ်လောက်ဝေးဝေး ဝေးချင်းနီးချင်းတွေက ငါတို့ချစ်ချင်းကို ဖြိုဖျက်နိုင်တယ်ဆိုရင် နင်ငါ့ကိုချစ်တာမဟုတ်သလို ငါလည်းနင့်ကိုချစ်တာမဟုတ်ဘူး ...။

Sunday, April 20, 2008

ခဏတာဘလောစ့်လေးအား ခွဲခွာခြင်း

ဘလောစ့်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။ကျွန်တော် ခရီးဝေးတစ်ခုကို ထွက်ရမှာမို့ ဘလောစ့်ကိုလာလည်ကြတဲ့ သူငယ်ချင်းများရဲ့ စီဘောက်မှ စာများကိုပြန်နိုင်မှာ မဟုတ်တဲ့အတွက် ခွင့်လွှတ်နားလည်ပေးကြပါ။
နှစ်လလောက် ဘလောစ့်ကို ရောက်မှာမဟုတ်ပါဘူး။ကျွန်တော်ချစ်တဲ့ ဘလောစ့်လေးနဲ့ သူငယ်ချင်းများကို အမြဲအောက်မေ့သတိရနေမှာပါ။ကျွန်တော်မရှိပေမယ့် ကျွန်တော် ဘလောစ့်လေးကိုဝိုင်းပြီးစောင့်ရှောက်ပေးကြပါ။ဘလောစ့်လေးပျောက်သွားမှာစိုးလို့ပါ စောင့်ရှောက်မဲ့သူကိုလစာအဖြစ် ဆီနှစ်ဇွန်း၊ဆန်တစ်ဗူး၊ဂျီအီးစီ ဖယောင်းတိုင်တစ်တိုင်အပြင် ၊တစ်ခါပဲဝတ်ထားပြီးမလျော်ရသေးတဲ့ စွတ်ကျယ်တစ်ထည်လက်ဆောင်ပေးပါ့မယ်။အမြန်ဆုံးလျောက်လွှာတင်နိုင်ပါပြီ ဦးရာလူစနစ်ဖြင့်စဉ်းစားပါ့မယ်။အားလုံးပဲပျော်ရွှင်ကြပါစေ။

Thursday, April 17, 2008

သုံးယောက်လောင်းကျော် ကဗျာပြောင်


ကျွန်တော် နဲ့ ဖိုးကြယ်မြစ်ကောက် ၊သုံး ယောက်ဟာ တစ်ခန်းတည်းအတူနေကြတဲ့ ၀ါသနာတူ စိတ်တူကိုယ်တူသူငယ်ချင်းတွေပေါ့။
ပြောမနာဆိုမနာ တစ်ယောက်နဲ့တစ်ယောက် လှည့်ပတ်ပြီး နောက်တတ်ကြပါတယ်။ကျွန်တော်တို့ သုံးယောက်ဟာ အလုပ်ချိန်တွေမတူကြပေမယ့် ညကြရင်တော့ သုံးယောက်အမြဲဆုံတတ်ကြပါတယ်။သုံးယောက်ဆုံတာနဲ့ ကော်ဖီသုံးခွက်ဖျော် ရေနွေးအိုးတစ်အိုးနဲ့ ဆေးလိပ်တစ်ဗူး ဘေးမှာချကာ အလုပ်ကြီးအကိုင်ကြီးစတင်ပါတော့တယ်။အလုပ်ကြီးအကိုင်ကြီးဆိုတာကလည်း အပျော်တမ်းဖဲရိုက်ကြတာပါ။အပျင်းပြေ ပိုကာဆွဲတမ်းကစားကြပါတော့တယ် ပိုကာဆွဲတမ်းကစားရင် ကိုဖိုးကြယ်အလှည့်ရောက်ရင် သူပစ်မယ့် ပစ်ဖဲစောင့်ရတာ အရမ်းကြာတတ်ပါတယ်
စောင့်ရလွန်းလို့ အိပ်ငိုက်လာပါတယ် ။တစ်ကယ်ကို ဘူတာကြီးပါ ဘယ်ဘူတာလည်းတော့မသိဘူး ။ဘူတာကြီးမှာ ၀စ်စနှစ်လုံးပေါက်မပါဘူးနော် မှားဖတ်မိမှာစိုးလို့သတိပေးရတာပါ။ကိုဖိုးကြယ်ကိုလည်းသွားမပြောကြပါနဲ့အုံးနော်။
သူကိုစောင့်ရတာကြာလာတာနဲ့ စာရွက်တစ်ရွက်နဲ့ ဘောပင်ယူ ကဗျာရေးတမ်းကစားကြပါတော့တယ်။ကဗျာတစ်ကြောင်းကို ကိုဖိုးကြယ်ပစ်ဖဲမကျခင် တစ်ယောက်ကအရင်စရေး ပြီးတာနဲ့ နောက်တစ်ယောက်ကဆက်ရေး ရပါတယ် ။စရေးတဲ့သူကလည်း ကိုယ်စရေးတဲ့အစဟာ နောက်ရေးမယ့်လူ အခက်တွေ့အောင်လုပ်၊ချောက်ချ၊ကျပ်တာကအစ နောက်ရေးမယ်သူ ခက်ခဲအောင်ထားခဲ့ပါတယ်။နောက်ရေးမယ်သူကလည်း အချိန်အကြာကြီးစဉ်းစားချိန်မရပါဘူး နောက်တစ်ယောက်ပစ်ဖဲမကျခင်ပဲစဉ်းစားချိန်ရပါတယ် အများဆုံးတစ်မိနစ်ပေါ့။တစ်ကယ်တော့လက်တမ်းရေးရတာပါ။
အဲ့လို....အဲ့လိုနဲ့ ဖဲရိုက်ရင်း ကဗျာရေးတမ်းကစားရင်နဲ့ ကဗျာလေးတွေ ထွက်လာပါတော့တယ်။စိတ်ပါရင်လည်း ကျွန်တော်တို့လို လိုက်ကစားကြပေါ့ (ကဗျာရေးတမ်းပြောတာနော်)။ကျွန်တော်တို့လို လူမျိုးတွေဝါသနာတူတွေ လိုက်ရှာပြီးကစားကြပေါ့ အပျင်းလည်းပြေတယ် ကဗျာလေးတွေလည်းရတယ်။ကြိုပြောထားမယ် ကျွန်တော်ကတော့ မအားလို့ လာမခေါ်ပါနဲ့နော် တစ်ကယ်ကိုမအားတာပါဗျာ အိပ်လိုက်စားလိုက်လုပ်နေလို့။ကျွန်တော် တို့ကစားထားတဲ့ ကဗျာလေးတွေကို တင်ပေးလိုက်တယ် လိုအပ်တာရှိရင်လည်း ဝေဖန်နိုင်ပါတယ်၊ပြောနိုင်ပါတယ်။


ကြိုးပျက်သွားတဲ့ ပုံဆောင်ခဲ

အဲ့လိုထင်ရင် မှားတော့မှာပေါ့ (ဖိုးကြယ်)
တစ်ခါတစ်လေ ဘ၀တစ်ကွေ့မှာ (ရင်ခတ်နွယ်)
"မမြမေ" လည်း ပဲပြုတ်ရောင်းတယ်(မြစ်ကောက်)
ဖိုးကြယ်လည်း ဆိုက္ကားနင်းတာဘဲ (ဖိုးကြယ်)
ဘ၀အတွက် အမှတ်တရပေါ့ (ရင်ခတ်နွယ်)
မှားတော့မှားမယ် မထင်မိပါဘူး (မြစ်ကောက်)
ထွက်ပေါက်တွေ ဘယ်မှာလည်း ........။ (ဖိုးကြယ်)

ဒုက္ခဆိုတာ ပျားရည်တစ်စက်မှမဟုတ်တာ(ရင်ခတ်နွယ်)
ပြုတ်ကျလည်း အကျနာစရာလား? (မြစ်ကောက်)
ရင်နာစရာဆိုလည်း ခါးစီးခံမှာပဲ (ဖိုးကြယ်)
လိပ်တစ်ကောင်လို အခွံထဲဝင်နေစရာမှမလိုတာ (ရင်ခတ်နွယ်)
ပိုတာက ရာဖြတ်စား (မြစ်ကောက်)
လျှံထွက်နေတာကို ကော်ပတ်စားပစ်မယ် (ဖိုးကြယ်)
အရောင်တွေက စကားပြောတတ်ရင်ပေါ့ (ရင်ခတ်နွယ်)
အမှောင်တွေ ဗလောင်ဆူလိမ့်မယ်.........။(မြစ်ကောက်)

ညကမှောင်ဆဲ လကသာဆဲ (ဖိုးကြယ်)
လေညှင်းကတိုးတိတ် ချစ်ရတဲ့စိတ်မှာ(ရင်ခတ်နွယ်)
အတိတ်က အနိစ္စပမာ (မြစ်ကောက်)
ပ၀ါတွေလွှမ်းခြုံတာ ငါအလိုမရှိ(ဖိုးကြယ်)
စိတ်အဇ္ဈတ္တ သတ်ပုံမမှားရအောင်(ရင်ခတ်နွယ်)
ကမ်းပါးပုံပြတ်မှာ........ရပ် (မြစ်ကောက်)
အချစ်မပါတဲ့ဘ၀ ဖြေသိမ့်ကာမရတော့ (ဖိုးကြယ်)
အတ္တပုံဆောင်ခဲကိုပဲ ပ၀ါပါးအုပ်လိုက်တယ်.....။ ။(ရင်ခတ်နွယ်)


အလွမ်းရနံ့

ပျိုပျိုမေလာရာလမ်း မှန်းကာလွမ်းတော့ (ရင်ခတ်နွယ်)
တစ်ခါတစ်လေ ခွေးချေးတောင် တက်နင်းမိတယ်(ဖိုးကြယ်)
ကိုယ့်ဘေး ကိုယ်ကြည့် မောင်ဖိုးကြယ် ... (မြစ်ကောက်)
အဲ့လောက်တောင် ငန်းရလေသလား..?(ရင်ခတ်နွယ်)
ဆရာ့ဆရာတွေရဲ့ ကျေးဇူးဘဲဆိုကြပါစို့ (ဖိုးကြယ်)
ဗိုလ်ကျဖို့ သေနတ်လိုတယ်ကွ ... (မြစ်ကောက်)
လက်ညှိးကွေးတတ်ရုံလေးနဲ့ ခွေးချေးမနင်းသင့်ဘူး (ရင်ခတ်နွယ်)
ရေတစ်ဗူးရှိရုံနဲ့  အရာအားလုံးပြီးပြည့်စုံမှာပါ(ဖိုးကြယ်)
နှီးယှက်နွယ်တဲ့ ထရံဝါ (မြစ်ကောက်)
ထီးဖြူကာ ဖိနပ်ပါးလိမ့်မှာပေါ့ (ရင်ခတ်နွယ်)
ဖွန်ကြောင်ခြင်းရဲ့ အကျိုးတဲ့လား(ဖိုးကြယ်)
ဆိုးချက်က လက်ကုန် (မြစ်ကောက်)
သိရက်နဲ့ လက်ကုန်မိုက်တော့ (ရင်ခတ်နွယ်)
ဆယ်နှစ်ဆိုတာလည်း အလကားပါဘဲ(ဖိုးကြယ်)
ကြားကဆွဲလို့ ကျန်တဲ့မောင်ရယ် (မြစ်ကောက်)
တစ်ကယ်ဆို မရည်ရွယ်ခဲ့ပါဘူး(ရင်ခတ်နွယ်)
ခုတော့လည်း နှလုံးသားအပိုင်းအစတွေကြားဝေေ၀၀ါး(ဖိုးကြယ်)
သေစရာလား ? အသဲကွဲ ဘလောဂ့်ဂါ (မြစ်ကောက်)
အသဲကွဲစရာတောင် မရှိတဲ့ဘ၀မှာ(ရင်ခတ်နွယ်)
ပျော်ပျော်နေ သေခဲ့တဲ့(ဖိုးကြယ်)
ရေထဲကငှက်ပျောပင် ထင်ချင်မြင်ပေါ့(မြစ်ကောက်)
ဖြစ်ရတဲ့ငှက်ပျောပင် ရေဆန်ရာမျောတယ်(ရင်ခတ်နွယ်)
တွယ်ရာမဲ့တဲ့ အလွမ်း(ဖိုးကြယ်)
ခန်းတဲ့ညနေ ဂျမ်းဂဲလ်တွေနဲ့ (မြစ်ကောက်)
ပုဆိုးကိုဆွဲ လမ်းမှာလဲတော့ (ရင်ခတ်နွယ်)
ဥသြဆွဲတဲ့ ညတွေကိုလည်း လွမ်းတယ်(ဖိုးကြယ်)
မစမ်းရယ် ... လ္ဘက်သုတ်လေးပေး (မြစ်ကောက်)
ဒ်ီလစာနောက်ကျမှာမို့ စာအုပ်ထဲမှာပဲနေတော့မယ်(ရင်ခတ်နွယ်)
သွေးကစကားပြောလာတော့ သဘာဝလို့ တောင်ပြောလို့ ရတယ်(ဖိုးကြယ်)
ပူစရာလား ? မင်းတို့ ... ငါတို့ ... (မြစ်ကောက်)
နေ့စွဲတွေကြားမှာ ရေတောင်ငတ်ခဲ့ဖူးလို့လား?(ရင်ခတ်နွယ်)
နေကြာစေ့အစားကောင်းရင်တော့ ရေလည်းငတ်မှာဘဲု(ဖိုးကြယ်)
ပျက်တာလည်း နင့်ကြောင့် ... ကဗျာ (မြစ်ကောက်)
ထပ်ကာထပ်ကာ ပြောရတာလည်းမောပေါ့(ရင်ခတ်နွယ်)
လောလောဆယ် အိပ်ငိုက်တယ်(ဖိုးကြယ်)
သိပ်မိုက်တဲ့မင်း လူပျင်း! (မြစ်ကောက်)
သိပ်မပျင်းနဲ့ ဖျင်းလိမ့်မယ် ငါ့တူသားရယ်(ရင်ခတ်နွယ်)
ဖွန်ကြောင်ဖို့ ဇွဲမကောင်းတာတော့အမှန်ဘဲ(ဖိုးကြယ်)
ဖွဲ ... ဆန်ကွဲမှ မဟုတ်တာ လုပ်တာကမှား (မြစ်ကောက်)
လိုချင်တာကမိဖုရား အိပ်နေတာကအထင်းသား( ရင်ခတ်နွယ်)
သေဟဲ့ငါ့လူ ကြာကူလီ(ဖိုးကြယ်)
မှားပါလေရော အာဂလူရယ် (မြစ်ကောက်)
ကောင်းကင်လည်ဆွဲ ကြယ်ကိုဆွဲမယ့်သူ(ရင်ခတ်နွယ်)

Saturday, March 15, 2008

မတူညီတဲ့ ဆန္ဒရဲ့လှည့်ကွက်


သစ္စာတရားတွေ ဝေဆာနေလိုက်ကြတာ
တစ်ပင်လုံးဖူးနေတာပဲ
အမုန်းရွက်နု တစ်ရွက်တောင်မရှိခဲ့ဘူး

သံသယစကားတွေ လေပြေထိုးတော့
သစ္စာဖူးလေးတွေ ပြုံးရယ်လိုက်တာ
မနက်ခင်းတစ်ခု အလိုလိုလှပသွားတယ်
သစ္စာပင်နား ပျံသွားတဲ့ငှက်ကလေးက
သြော်.....မွှေးလိုက်တာတဲ့

ဘေးနားကသစ်ခြောက်ပင်ကြီးလည်း
အားကျလို့ လှည့်ကြည့်လိုက်တာ
ဝုန်း..ခနဲ ပြိုလဲသွားတယ်
နောက်ဘ၀မှာ သစ္စာပင်ဖြစ်ခြင်လို့....။

အခုတော့....
သစ္စာပင်ကြီးလည်း
လေပြင်းမတိုက် မီးမြိုက်မခံရပဲ
မျော်လင့်ချက် အဆိပ်ချိုတွေသောက်သုံးမိလို့
သစ္စာဖုးတွေကြွေ မျော်လင့်ချက်တွေနဲ့
ဝုန်း..ခနဲ ပြိုလဲသွားတယ်
နောက်ဘ၀မှာ သစ်ခြောက်ပင်ပြန်ဖြစ်ခြင်လို့....။

Tuesday, March 11, 2008

ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်း

မြန်မာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအရ ကျေးဇူးရှိတဲ့ သူတွေကိုကျေးဇူးတင်စကားပြောရမှာ အစဉ်အလာတစ်ခုပါ ။နူတ်၏စောင့်မခြင်း နှင့်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ မိမိအကျိုးကို စောင့်မပေးတဲ့ သူတွေကို ကျေးဇူးတင်စကားအရင်ဆုံးပြောပါရစေ ။ကျွန်တော် ရင်ခတ်နွယ်ကို ဘလောဂ့်ဂါဖြစ်လာအောင် ကူညီခဲ့ကြတဲ့ သူတွေအားလုံးကိုကျေးဇူတင်ပါတယ်။

ကျွန်တော်ဟာ ဘလောဂ့်ဂါဆိုတာ ဘာမှန်းကိုမသိခဲ့ပါဘူး၊ဘလောဂ့်တစ်ခုဘယ်လိုလုပ်ရမယ်ဆိုတာကျတော့ ပိုတောင်ဝေးသွားခဲ့ပါတယ် ။ကဗျာတွေ စာတွေရေးတာ အရင်ကတည်းက ၀ါသနာအခံရှိခဲ့ပေမယ့် ဘလောစ်တစ်ခုလုပ်ဖို့လောက်ထိစိတ်ကူးမရှိခဲ့ပါဘူး၊ခံစားရတဲ့ အချိန်တွေမှာ ကဗျာတွေရေးတယ် ပြီးရင်ရေးတဲ့နေရာမှာ ပစ်ထားတတ်တာ ကျွန်တော် အကျင့်ပါ။အားတဲ့အချိန်တွေကျမှ ကဗျာစာရွက်တွေလိုက်ကောက်ပြီး ကလစ်နဲ့ညှပ်ပါတယ်။ ပြီးရင် "ဒဏ်ရာတွေ အမြဲထမ်းပိုးထားရတဲ့အိတ် "လေးထဲကိုထည့်ထားလိုက်တယ်။အဲ့ဒီအိတ်လေးကို ကျွန်တော် ချစ်စနိုးနဲ့ နာမည်ပေးထားတာပါ ။ ကျွန်တော်ရဲ့ ဒဏ်ရာတွေကို အမြဲပဲထမ်းပိုးပေးထားရလို့။
အဲ့ဒီအိတ်လေးက တစ်ခါတစ်ရံမှာ အမှိုက်အိတ်လေးလည်းဖြစ်တတ်ပါတယ်။တစ်ခြားသူကြောင့် အမှိုက်အိတ်ဖြစ်ရတာမဟုတ်ပါဘူး ဘလောဂ့်ဂါ ဖိုးကြယ်ကြောင့်ပါ။ အလုပ်က ပြန်လာတိုင်း လ္ဘက်ရည် အမြဲပါဆယ် ၀ယ်သောက်တတ်တဲ့ ဖိုးကြယ်ဟာ ကျွန်တော် အိတ်လေးထဲကို သောက်ပြီးသား ဗူးခွံကို အမြဲထည့်ပါတယ်။တစ်နေ့ကြုံတုန်း သူ့ကိုမေးကြည့်ပါတယ်။" ဟေ့ကောင်... ဒီထဲကဘာတွေလည်းလာကြည့်စမ်း" ၊ "ဘာတွေရမှာလည်းဗျ လ္ဘက်ရည်ဗူးတွေပေါ့" ၊တယ်လည်းလာတဲ့ကောင် လ္ဘက်ရည်ဗူးတွေတဲ့ အဲ့ဒါသူပြောမှလား ကျွန်တော်လည်းသိတာပေါ့ "မင်းကိုလ္ဘက်ရည်ဗူးပြနေတာမဟုတ်ဘူး" အဲ့ဒီဗူးတွေ ဘယ်ထဲကိုထည့် ထားတာလည်းလို့ ပြနေတာ၊ "ဘယ်ထဲထည့်ရမှာလည်း အမှိုက်အိတ်ထဲကိုထည့်ထားတာပေါ့ဗျ" အမှိုက်မပွအောင်လို့လေ ။ ခေါ်မေးမိတာကိုက ကျွန်တော်အမှား သူ့ကိုတောင် အမှိုက်မပွလို့ ပြန်ကျေးဇူးတင်ရတော့မလို၊ ကျေးဇူးတော့မတင်ပါဘူး နသယ်ရင်းကို ပိတ်တီးချင်စိတ်တော့ ဖြစ်လာပါတယ် ။" အဲ့ဒါအမှိုက်အိတ် မဟုတ်ဘူး " ငါ့ရဲ့ကဗျာစာရွက်တွေ ထည့်ထားတဲ့ အိတ်လေး ရာဇ၀င်အိတ်လေးကွ နောက်အမှိုက်မပစ်နဲ့ ...ဟုတ်ကဲ့ ကိုမင်း ကျွန်တော် တစ်ကယ်မသိလို့ပါ နောက်မပစ်တော့ပါဘူး။အခုကျတော့လည်း သူမဟုတ်တဲ့ အတိုင်းပဲ ချိုသာနေလိုက်တာ တတ်လည်းတတ်နိုင်တဲ့ ငဖိုးကြယ် ...သူလည်းကျေးဇူးရှင်တစ်ပါးပါပဲ ။


တစ်ကယ်တမ်းကျွန်တော် ဘလောဂ့်ဂါတွေနဲ့မစိမ်းခဲ့ပါဘူး ဘလောဂ့်တွေမှာစာလိုက်ဖတ်ဖြစ်ပါတယ် ။အခန်းထဲမှာလည်း ဘလောဂ့်ဂါနှစ်ယောက်တောင်ရှိနေတာပဲ ညီမလေး အနှင်းလည်းရှိနေတာပဲ ဒါပေမယ့် ကျွန်တော် ဘလောဂ့်ဂါတစ်ယောက်ဖြစ်မလာခဲ့ပါဘူး။ ဘလောဂ့်လုပ်ဖို့လည်းစိတ်မ၀င်စားခဲ့ပါဘူး ကိုယ်ဘာသာကဗျာရေးလိုက် ပစ်ထားလိုက်၊ ချက်တင်ထိုင်လိုက်နဲ့ တော်တော်လေးဟုတ်နေခဲ့ပါတယ်။ဘလောဂ့်ဂါ ဖြစ်ဖို့ စတင်အကြောင်းဖန်လာတာက " ထေရ၀ါဒ ဗုဒ္ဓသာသနာ " ဘလောဂ့်ကနေအကြောင်းစပါတယ်။မခွန်မြလှိုင်က ကိုမင်း အစ်မဘလောဂ့်မှာ ၀ိုင်းကူပေးဖို့ ပြောရာ ကျွန်တော်က တတ်နိုင်သမျှ ကူညီပါ့မယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။အဲ့ဒီမှာ ကျွန်တော် မတွေးမိတာက ဘလောဂ့်မှာ ရေးပြီးသားစာတွေကို ဘယ်လိုထည့် ရမယ်ဆိုတာ ကျွန်တော် မသိဘူးဆိုတာကို မေ့နေပါတယ်။တော်တော်လေးကို ဒုက္ခရောက်ခဲ့ပါတယ် ဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ အိမ်မှာရှိတဲ့ ဆရာဘလောဂ့်ဂါတွေကို သွားသတိရမိတာနဲ့ အကူအညီတောင်း ဖြစ်ခဲ့သည်။

"ကျုမီငှာ"ဆိုပြီး တရုတ်လိုမအော် ဖြစ်ခဲ့ပါဘူး ၊တော်ကြာ "ဝှေ့စမော့" လို့ ပြန်မေးခဲ့ရင် ကိုယ်ပဲဒုက္ခများမှာလေ သူတို့ကဘလောဂ့်ဂါတွေလေ တရုတ်စကားလည်းတတ်ချင်တတ်နေမှာ၊ဗာမာလိုပဲ သူငယ်ချင်းမြစ်ကောက်ရေ ငါ့ကိုကူညီကြပါဦး ဘလောဂ့်မှာ စာမထည့်တတ်လို့ သင်ပေးပါဦး လို့ပြောလိုက်မိပါတယ်။အဲ့လိုပြောလိုက်မိတာကိုက ကိုယ့်အမှား၊ဖြစ်နိုင်ရင် နတ်သမီးတွေအများကြီးရှိတဲ့ နတ်ရေကန်ထဲ ချက်ချင်းခုန်ဆင်းပြီး သေလိုက်ချင်တယ်(အနစ်နာခံလိုတဲ့စိတ်ကြောင့်ပါ)။ဆရာသမားမြစ်ကောက်က ဆီလက်မှတ်ဝေရတဲ့ လမ်းလူကြီးလိုပဲ သူဂွင်ထဲရောက်တာနဲ့ သမိန်ပေါသွပ်လို ညှင်း...ညှင်းလို့ မရီပဲ ကျွန်တော်ကိုစတင်နှိပ်ကွက်ပါတော့တယ်။ချက်တင်မှာ ထိုင်ချင်သလောက်ထိုင် ဇိုပီရာမှာ လုပ်ချင်တာတွေလုပ်နေတဲ့ သူကဒီစာလေးတောင် မထည့်တတ်ဘူးလား...?၊ကိုယ့်ကိုကိုယ် သိသင့်နေပြီ။ချက်တင်နဲ့ဘလောဂ့်ဂင် မသိရင်လည်း ကိုနေဘုန်းလတ်ပေ့စ်မှာ စာလေးဘာလေးသွားဖတ်သင့်တယ် အစချီကာ ကိုရီးယားဇတ်လမ်းတွဲလိုပဲ မပြီးနိုင်အောင် အမုန်းနှိပ်ကွက်ပါတော့တယ်။
ကျွန်တော်မှာလည်း ဆီတန်းဆီရတဲ့သူတွေလိုပဲ မျက်နှာငယ်လေးနဲ့ ဆက်ပြီးသီးခံနေရပါတယ် လက်မှတ်ရရင် ပြန်ရောင်းစားမလို့ပေါ့။
ကိုယ်ကသိချင်နေတာကို သီးခံရတာပေါ့ ပြောချင်တာသာပြောပေတော့ ငမြစ်ရေ၊ ကိုယ်ကလည်းသူပြောတဲ့အတိုင်းဖြစ်နေတော့ ခံနေရတာပေါ့ စိတ်ထဲမှာတော့ ဒန်ကော ဒေါကန်ပြီး နဲနဲတော့နှာကစ်သွားတယ်၊ ဆရာသမား မြစ်ကောက်က သူကိုတိုင်နှိပ်ကွက်လို့ အားမရသေးဘူး၊ လမ်းလူကြီးဦးနှောက်နဲ့ ရိုက်စားလုပ်ပြီး ကျွန်တော်အကြောင်းကို " ဆေးတိုက်တဲ့သူ " ပို့စ်အဖြစ်ဘလောဂ့်မှာတင်ပြီး ရအောင်လုပ်စားသွားသေးတယ်။ကျွန်တော်လည်း မဖြစ်တော့ဘူး ဒီနှစ်ကောင် (ဖိုးကြယ်၊မြစ်ကောက်)ကြားမှာနေရင် ပရုတ်လုံးလိုလုံးပါးပါးရင်ပါး မပါးရင် အမှိုက်အိတ်တော့ ဖြစ်တော့မယ်ဆိုပြီး။ဘလောဂ့်လုပ်တတ်အောင် မေးရစမ်းရပါတော့တယ် ၊ အစ်မခွန်မြလှိုင် ကိုအပူကပ်ရပါတော့တယ် ၊ အစ်မရေ အစ်မမောင်မြစ်ကောက်က ကျွန်တော် ဘလောဂ့်မှာ စာမထည့်တတ်တာကို ကောင်းကောင်းကြီးနှိပ်ကွက်နေတယ် လို့တိုင်ပြောပြီး ၊ကျွန်တော် လည်းဘလောဂ့်တစ်ခုလောက်လုပ်ချင်တယ် ကူညီပါဦးအစ်မရယ် ဆိုပြီးအစ်ကူညီတောင်ခဲ့ပါတယ်၊သဘောကောင်းတဲ့ အစ်မခွန်မြလှိုင်က မခံနဲ့ကိုမင်းရေ ပြန်ပြောလိုက် ချက်တင်ထိုင်တတ်တာနဲ့ ဘလောဂ့်လုပ်တတ်ရမှာလား ချက်တင်ကချက်တင် ဘလောဂ့်က ဘလောဂ့် မဆိုင်ဘူးတဲ့ အစ်မလုပ်ပေးမယ် ဘယ်လိုပုံစံလိုချင်လည်း ပြောနာရီဝက်အတွင်း ပြီးရမယ်။အဲ့လိုကြတော့လည်း ကျွန်တော်ကမလိုချင်တော့ဘူး ကိုတိုင်လုပ်တတ်ချင်တာလေ၊ဒါကိုလည်း အစ်မကစိတ်ရှည်လက်ရှည်နဲ့ သင်ပြပေးပါတယ်။ဘလောဂ့်လုပ်နည်းတွေ တင်ထားတဲ့ ဘလောဂ့်လင့်တွေကိုလည်းပေးခဲ့ပါတယ်။ကျွန်တော် လုပ်တတ်သလိုလုပ်ထားတဲ့အတွက် ကျွန်တော် ဘလောဂ့်ဟာလည်း အခုထိပုံစံမကျသေးပါဘူး။
ပုံစံမကျတဲ့ ကျွန်တော်ဘလောဂ့်ကိုလာလည်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဘလောဂ့်ကို ပထမဆုံးလာလည်တဲ့ ဘလောဂ့်ဂါ ကိုတည်ငြိမ်းကို ကိုယ်လည်း ကျေးဇူးတင်ပါတယ်။ကျွန်တော်ကို သင်ပြပေးရင်း ဘလောဂ့်ဂါ လမ်းကြောင်းပေါ် စတင်ပေးခဲ့တဲ့ အစ်မခွန်မြလှိုင် (သို့) ညီမခွန်မြလှိုင် ကို အထူးကျေးဇူးတင်ပါတယ်။လူလည်ကျပြီး အစ်မလို့ခေါ်တာမဟုတ်ပါဘူး အရင်ကတည်းက လေးစားရင်းအစ်မလို့ခေါ်နေရာကနေ ကိုယ့်ထက် ငယ်မှန်းသိရတော့လည်း ပြင်မရတော့ပါဘူး၊နူတ်ကျိုးခဲ့ပါပြီ အစ်မလို့ပဲ ဆက်ခေါ်တော့မယ်။

စပယ်ရှယ် ကျေးဇူး တင်ရမယ့် ကျွန်တော် သူငယ်ချင်း (သို့) ညီလေး မြစ်ကောက် ၊ဆန်ရင်းနာနာဖွပ်ပေးရင်း ကျွန်တော် မသိတာ မတတ်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့တယ်၊မြန်မာစာ လက်ကွက်ရိုက်တာကအစ မှားတာရှိရင်အားလုံး သင်ပြပေးခဲ့တဲ့ ညီလေးမြစ်ကောက်ကို လည်းကျေးဇူးတင်ပါတယ်။

ဘလောဂ့်ဂါ ညီအစ်ကို မောင်နှစ်မတွေအားလုံး နှင့် သူငယ်ချင်းအားလုံး၊သင်ဆရာ၊ မြင်ဆရာ ၊ကြားဆရာ၊အားလုံးကို ဒီပို့စ်လေးနှင့် ကျေးဇူးတင်ကြောင်း ပြောပါရစေ။

Friday, March 7, 2008

ချစ်သူသို့.......,


တိတ်တိတ်လေးပဲ ချစ်နေရတော့မှာလား.. ?
ဖွင့်ဟချင်သူရင်ထဲ...
ပြောမထွက်ခဲ့တဲ့ စကားလုံးတွေက
မျက်ဝန်းမှာ အရိပ်ထင်နေရင်တောင်
ဘာသာပြန်ဖို့ မင်းခက်ခဲလိမ့်မယ် ...။

ဆွတ်ယူဖို့  ခဲ့ယဉ်းလှတဲ့ပန်းမို့
လေသင့်လို့ တိမ်းညွတ်ခဲ့ရင်
ပန်းခံတဲ့လက်နဲ့ အခန့်သင့်တောင်
လေသင့်ရာပျံဝဲဖို့ မင်းခက်ခဲလိမ့်မယ် ...။

အခါခါ ထုဆစ်ထားတဲ့နှလုံးသား
အကြင်နာသက်တဲ့ မင်းလက်တွေနဲ့
ဖွင့်ဟကြည့်ခဲ့တယ် ဆိုရင်တောင်
အချစ်ရဲ့ပုံရိပ်ကိုမြင်ဖို့ မင်းခက်ခဲလိမ့်မယ် ...။

အတိုင်းတာ များစွာနဲ့စည်း
လူ့ဘ၀တွင်မှ ကြီးလေးခဲ့ရင်
သက်မ နဲ့ ရှိုက်မက်ပြင်းရင်း
အတိတ်ကို ချဲလင့်(ခ်)ခေါ်
ဘ၀တွေ တူရှင်ပျော်ဖို့ မင်းခက်ခဲလိမ့်မယ် ...။ ။

Saturday, March 1, 2008

ကြယ်ကြွေည ဆုတောင်း


ကြယ်ကြွေညတွေကို စောင့်စားရင်း
ဆုတောင်းတွေ ရင်မှာပွေ့ဖက်
တစ်ကြိမ်တစ်ခါ ဆုတောင်းခွင့်ရချင်၇ဲ့
ကြယ်စင်လေးရေ ကြွေခပါတော့
ငါလွမ်းလွန်းလို့ ပြန်လာခဲ့ပါ
ကောင်မလေးရေ.........


ဝေဒနာအရိပ်မဲ့ အလွမ်းတွေနှိပ်စက်
အိပ်စက်ခက်တဲ့ ညတွေမှာ
ဘယ်သူမှမသိအောင် သက်ပြင်းတွေအခါခါခြွေချ
ခိုခိုးပြီးလွမ်းရတဲ့ ဘ၀ပါ


အလွမ်းဆိုတာ ငါနှင့်မဆိုင်
သုံးပိုင်ခွင့်မရှိ ငါ့မှာသိလျက်နှင့်
ဘ၀ရဲ့ မပြည့်စုံမူတွေကြားမှာ
သတိရနေတာထက် ပိုပါတယ်


ပြန်လာမဲ့ရက် လက်ချိုးရေတွက်
ပြက္ခဒိန်တွေ ရှိလို့နေလည်း
အချိန်တွေရပ်တန့် နေ့စွဲတွေကျော်ဖြတ်ပြီး
နင်ပြန်လာမဲ့ နေ့ရက်သည်
မနက်ဖြန်သာ ဖြစ်ပါစေတော့ ........။

Friday, February 22, 2008

ပြန်လည်ကောက်ယူနေသော အပိုင်းအစများ



အချစ်မှာ အချစ်သာရှိတယ်လို့
အမြဲပြောတတ်တဲ့ ကောင်မလေး
နင်တောင်းတဲ့ ကတိတစ်ခုမှာ
အကြိမ်ကြိမ်ခါခါ အားထုတ်
နင့်အတွက်...............
ငါပေးလိုက်တာ ကတိမဟုတ်ဘူး
တဆတ်ဆတ်ခုန်နေတဲ့ ငါ့နှလုံးသား

နင့်ပါးပြင်ပေါ်မှာ မျက်ရည်စတွေကျနေတာတဲ့
ဒါဆို............
လေပြေအသုတ်မှာ ဖြုတ်ကနဲကြွေကျသွားတာ
ငါ့ပါးပြင်ပေါ်က မျက်ရည်တစ်စက်မဟုတ်ဘူး
မငိုတတ်တဲ့ ငါ့နှလုံးသားရဲ့သွေးတစ်စက်


ညှင်သာတိုးတိတ် နာကျင်လွန်းတဲ့ငါ့စိတ်မှာ
အချစ်ညီမျှခြင်းအချစ်လို့ နင်ပြောတာကို
သေချာခြင်လို့ ငါတွက်ချက်တာမဟုတ်ဘူး
အချစ်ညီမျှခြင်း လှပစေဖို့
ပေါင်းနုတ်မြှောက်စားနဲ့ ငါဝန်းရံပေးတာ


ငါမသိတဲ့ မေးခွန်းများစွာထဲ
ငါကိုယ်တိုင် အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ်မှာ
ငါရှုံးနိမ့်သွားခဲ့တာ မဟုတ်ဘူး
အချစ်မှာ အချစ်သာရှိတယ်ဆိုတာ
ငါသိလိုက်ရလို့...........
တစ်ဖန်ပြန်လည်သေဆုံးသွားရတာ


ဒဏ်ရာရနှလုံးသား သိမ်းဆည်းမယ်ကြံကာမှ
ပြန်လည်လွတ်ကျသွားတာ.....
နာကျင်မှာစိုးလို့ ပြန်ကောက်ယူနေတာမဟုတ်ဘူး
အမှတ်တရအဖြစ် တစ်စုတည်းရှိနေချင်တာ......။

Monday, February 18, 2008

အမေ့သွေးနဲ့ သားကျွန်တော်



အမေ.....
ဆူးခင်းတဲံ့လမ်း ပန်းခင်းမဟုတ်
မာယာတွေကများ ရာသီတွေကြားမှာ
အမေ့မေတ္တာပွေ့ဖက် ရှေ့သို့လှမ်းဆဲပါ


အမေပေးတဲ့အသက် နို့ချိုတစ်စက်နဲ့
ရှုတ်ချမူတွေ ကျောခိုင်းလို့
မာနတွေ တံခွန်ထူ
အမေရဲ့ အင်္ကျီဖြူလေးလိုပါအမေ

လောကရဲ့လှည့်ကွက် မာယာပျက်ထဲမှာ
စုန်တစ်ခါ ဆန်တစ်လှည့်နဲ့
အမေပေးခဲ့တဲ့ အသိပညာတွေဟာ
ကျွန်တော်အတွက်တော့
အမေရဲ့ တောင်ဝှေ့လေးပါအမေ

အမေရဲ့ဆန္ဒ မြင်ချင်တဲ့ဘဝ
ကောင်းကင်၇ဲ့ ကြယ်တံခွန်မလွှင့်ထူနိုင်ပေမယ့်
ဘ၀အစစ် လောက၇ဲ့ဖုန်ထူလမ်းမှာ
အမေပေးခဲ့တဲ့ ယုံကြည်ချက်တွေကိုင်ဆွဲရင်း
အမေ.......
အမေ့သားကြီး ဒီနေ့ထိ
ယုံကြည်ချက်တွေနဲ့ မိုက်နေဆဲ..............။

Thursday, February 14, 2008

တစ်ကယ်ဆိုရင်.....

တစ်ကယ်ဆိုရင်......ချစ်သူ..
ဒီနေ့လေးမှာ ငါအရမ်းပျော်ရွှင်ပြီး အလုပ်တွေရှုပ်နေမယ်ထင်တယ်...။
မင်းအတွက် အလှဆုံးနှင်းဆီပန်းလေ တစ်ပွင့်ရယ် ချောကလက်တစ်ခုရယ် ပို့စကတ်လှလှလေးတစ်ခုလောက် ငါဖန်တီးမိနေမှာအမှန်ပဲ......,
မင်းကိုပြောမယ့် စကားလေးတွေကိုလည်း ငါတစ်ညလုံးစဉ်းစားထားမှာပေါ့....။

တစ်ကယ်ဆိုရင်....ချစ်သူ
ဒီချစ်သူများနေ့မှာ တိတ်ဆိတ်ငြိမ်သက်ပြီး ဂန္တ၀န်ဆန်တဲ့ ဆိုင်လေးတစ်ဆိုင်မှာ မင်းနဲ့ငါအတူထိုင်ရင်း မင်းကိုငါဘယ်လောက်ထိချစ်တာ ကိုပြောရင်ကောင်းမလား... ဒါမမဟုတ် ငါတို့ဘ၀နှစ်ခုရှေ့ရေးတွေ တိုင်ပင်နေရင်ကောင်းမလား..?
မင်းနဲ့ငါ စပြီးချစ်သူဖြစ်ခဲ့တဲ့နေ့တွေရယ် အတူဖြတ်သန်းခဲ့ကြတဲ့ နေ့တွေကို ပြန်ပြောနေ၇င်ကောင်းမလား...? မေးခွန်းများစွာနဲ့ပေါ့ ငါအလုပ်တွေရှုပ်နေမယ်ထင်တယ်....

တစ်ကယ်ဆိုရင်.....,
ချစ်သူ....သူငယ်ချင်းတွေက ငါ့ကို "ချစ်သူများနေ့ "မှာ ပျော်ရွှင်ပါစေတဲံ့ ...ဆုမွန်တွေပေးနေကြတယ်.....,
ငါအရမ်းပျော်တယ်လို့ ပြန်ပြော၇င်ကောင်းမလာ .....?ငါဘယ်လိုပြန်ဖြေရမှာလည်ချစ်သူ.....?
အခုတော့လည်း ချစ်သူများနေ့ဟာ ငါနှင့်မဆိုင်သလိုပါပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ဖြတ်ကျော်နိုင်ဖို့ ဒိုင်ယာရီစာအုပ်အဟောင်းတွေပြန်လှန်ရင်း ငါကြိုက်လို့သိမ်းထားတဲ့ အမည်မသိရေးထားတဲ့ ဘာသာပြန်ကဗျာလေးတစ်ပုဒ်..,
ငါအကြိမ်ကြိမ် ပြန်ဖတ်မိနေတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်မဖြေနိုင်တဲ့မေးခွန်းတွေအတွက်ရယ် ဒီနေ့လေးအတွက်ရယ် အမှတ်တရ ပိုစ့်အဖြစ်တင်ထားလိုက်တယ်.....။


တို့ကိုချစ်ရင်
မချစ်နဲ့ ငါ့ကို ရုပ်ချောလို့
မျက်လုံးမျက်နှာ လှပလို့
ပြင်ပန်း တစ်ခုခုကြောင့်ရယ်
စိတ်နှလုံး ခိုင်မြဲလို့ရယ်

ဒါတွေပျက်နိုင် ယွင်းနိုင်သား
မင်းနဲ့ငါ ကွဲသွားနိုင်၇ဲ့
မိန်းမပီသတဲ့ မျက်လုံးနဲံ့ကြည့်
ငါ့ကိုချစ် ဘာကြောင့်မှန်းတော့မသိ
ဒါမှ ဒီအကြောင်းမြဲသား
ငါ့ကိုထာဝရစွဲမယ်ကွယ့်...........။

ဆောင်းခိုငှက် သို့  အလွမ်း


လွမ်းလိုက်တာ ဆောင်းခိုငှက်လေးရေ
မင်းပြန်လာမယ့်  နေ့ကိုစောင့် မျှော်မိတယ် . . . ။
အတွယ်တာမဲ့  ငါ့ ရင်ခွင်မှာ
မင်းခိုဝင်နားခဲ့ တာ ဆောင်းတွင်းလေးတစ်ခုပါ
ဒဏ်ရာမဲ့  ဝေဒနာတွေဟာ
ငါ့ ရင်ခွင်မှာ အပြည့်ပါ ။

ငါ့ ရင်ခွင် ခိုဝင်နားတဲ့ မင်းကို
မြူမှုန်တစ်မှုန် ၊ နှင်းသွေးတစ်စက် မသက်ရအောင်
ငါ့ ရင်ကိုကော ခေါင်းကိုမော့ လို့ 
နွေးထွေးမှု အတောင်ပံတွေနဲ့ 
ဖြန့် ကျက်ကာစီးထားခဲ့ တယ် ။
ဆောင်းကန့် လန့် ကာပိတ် နှင်းတွေတိတ်တော့ 
ဟော . . .
ရုတ်တရက် နှုတ်မဆက်ပဲ
ထွက်သွားလိုက်တာ . . .
နွေးထွေးခဲ့ တဲ့  ရင်ခုန်သံတွေ
မင်းအတွက်ပဲ ရှိခဲ့ ဖူးတာ
မင်း . . .
မသိခဲ့ လေလျှော့ လား . . .
လေဟုန်ကိုခွဲ ၊ အတောင်ကို ၀ဲလို့ 
ပျော်ရွင်စွာ ပျံထွက်သွားခဲ့ တာ
နှုတ်ဆက်တေး တစ်ပွင့် တောင်
ငါ့ အတွက် ခြွေမချခဲ့ ဘူး . . . ။
အတွယ်တာမဲ့  ငါ့ ရင်ခွင်
သံယောဇဉ် ဗလပွနဲ့  နာကျင်ခဲ့ ရတာတောင်
ဒဏ်ရာကိုဖက် ကျေနပ်လျှက်ငါ . . .
ပြုံးခဲ့ မိသေးတယ် ။
တောက် . . . !
အမှတ်မရှိတဲ့  ဒီကောင်
နောက်တစ်ကြိမ် ပြန်လာမယ့် လမ်းမှာ
ရင်ကိုကော့  ခေါင်းကိုမော့ လို့ 
စောင့် နေမိသေးတယ် . . .။ ။

အဖော်မွန်


ဆူးကြမ်းလမ်းရဲ့ ဘ၀တောမှာ
မောနေတဲ့ ငါ
နောက်ဆုံးချိန်လဲကျလုတော့ဦး
ထမင်းတစ်နပ် ရှိခဲ့ရင်
မင်းအတွက်ပါဘဲ ချစ်သူ ....။

တွဲလက်ကခိုင်မြဲ မလျှော့ရဲပါနဲ့
မောင်းရင်းမှာ တွဲခို ချွဲနွဲ့လိုလည်း
အမောတွေ ကြားကငါ
မတားလိုဘူးချစ်သူ ....။

ဒါပေမယ့် ....

ဘ၀လမ်းရဲ့ တိုက်ပွဲကြမ်းတွေမှာ
ဂုဏ်သိက္ခာ ဆိုတဲ့ တံတိုင်းတစ်ခုအတွက်
ငါ့ ရဲ့ပေးဆပ်မှုက
ချွေးသိပ်နိုင်မယ် မထင်ဘူး
အညတြ မို့ မဟာသွေး မပါဘူး ချစ်သူ ....။

နေရောင်မကျ ၊ မိုးစက်မယို
အိမ်လို့ဆိုကြ ရနိုင်ပါရဲ့
ထရံကာ ဓနိမိုး ကျုရိုးခြံတိုင်က
ဘ၀ရဲ့ ဟော်နန်းတစ်ခုပါ ချစ်သူ ....။

ရွှေလင်ပန်း ဆိုတာ အချင်းဆေးစရာလို့
ပြောကြရင် သြချရလောက်ရဲ့
ဘ၀တစ်လျှောက်မှာက
နေရာင်ခံကျောပြင်နဲ့ဆူးဒဏ်ရာ ခြေဖ၀ါး
ဘာသားနဲ့ ထုထု လူသားဆန်ဆန်
တခါတရံတော့ စိတ်လျှော့ချင်တယ် ချစ်သူ .... ။

Wednesday, February 13, 2008

နှလုံးသားပြတိုက်ထဲက ဂျစ်ကန်ကန် ၀တုတ်မလေးတစ်ယောက်ရဲ့  ပုံရိပ်များ



ဝတုတ်မလေးရေ . .
မတ်လ ၂၀၀၇ ဆိုတာ ငါ့ ရဲ့ သမိုင်းမှာ မှတ်မှတ်ရရ နေ့ လေး တစ်နေ့ ပေါ့  ။ အဲဒီလရဲ့  ညနေခင်းလေးတစ်ခုမှာ နင်နဲ့ ငါ စတွေ့ ခဲ့ ကြတယ်လေ . . . ။ သူများတွေလို ကောင်းကင်ပြာပြာကြီးရဲ့  အောက်မှာ ချစ်သူလှလှလေးကို စပြီးတွေ့ ခဲ့ ရသလိုမျိုး မဟုတ်ခဲ့ပါဘူး ။

အခု ကမ္ဘာဟာ ရွာကြီးပါလို့  ပြောနေကြတဲ့  ဂလိုဘယ် လိုက်ဇေးရှင်းခေတ်ရဲ့  မလင်းတလင်း မီးအလင်းရောင် အောက်က အဲယားကွန်းငွေ့ တွေ ဝေနေတဲ့ ကော်ဖီအိမ် ကြီးရဲ့  နံရံတစ်ဖက်ခြား လျှပ်စစ်စီတန်းကနေ နင်နဲ့ ငါ စတင်ဆုံစည်းခဲ့ ရတာလေ ။ အဲဒီလို မျိုးဆုံစည်း ခဲ့ ရမယ်လို့  ငါဘယ်တုန်းကမှ တွေးထင်ခဲ့ တာ မဟုတ်ဘူး ။
Hi . . . ဆိုပြီး ၊ ငါရဲ့  နှလုံးသားမှာ နင်ခြေရာလာချတဲ့ နေ့ ပေါ့  ။ အဲဒီတုန်းက နင်ဟာ ငါ့ နှလုံးသားကို သိမ်းပိုက်သွားမယ့်  သူမှန်း ငါတစ်ကယ်ကို မသိခဲ့ ပါဘူး ။နင်ရော ကြိုတင်ပြီး သိနေခဲ့ လေသလား ? တကယ်လို့ သာ နင်ကသာ ကြိုသိများသိနေခဲ့ ရင်. .

ငါ . . . စသိခဲ့ တုန်းက နင်ဟာ ကောင်မလေးတွေထဲက သာမန်ကောင်မလေး တစ်ယောက်အဖြစ်နဲ့ ပေါ့  ။ နောက်မှ ငါသိခွင့် ရခဲ့ တာ နင်က ကောင်မလေးတွေထဲက ၀တုတ်တုတ် ၊ ပေကပ်ကပ်၊ ဂျစ်ကန်ကန် နဲ့  ငါ့ ကို အနိုင်ယူမဲ့  ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ မှန်း ငါသိခဲ့ ရတယ် ။ ဒါပေမယ့် နောက်ကျခဲ့ ပြီဟာ . . . ဘာဖြစ်လို့  လဲဆိုတော ငါဘက်က ကြိုတင်ပြင်ဆင်ချိန်မရခဲ့ ခင် နှလုံးသားက မင်းကို လေးလေးနက်နက်နဲ့  ထာဝရတစ်နေရာစာ ပေးခဲ့ မိလို့ ပဲ ။နင်နဲ့ ငါ စကားပြောဖို့  ချိန်းထားပြီး အခက်ခဲ တစ်ခုကြောင့်  ငါ မရောက်ဖြစ်ခဲ့ဘူး ။ ငါရောက်မလာလို့ ၊ နင်ငါ့ ကို မျှော်နေတယ်လို့  ငါသိခွင့်ရခဲ့တယ် မထင်မှတ်ပဲ အံ့ သြခဲ့ ရတယ် ။ အဲဒီအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ ရတယ် ။ ဘာကိုမှ အလေးအနက် မထားတတ်တဲ့  ငါလေ ဒီနေ့ လေးကို ဒိုင်ယာရီမှာ ရေးမှတ်ထားသလို ငါ့ စိတ်ထဲမှာလည်း စွဲထင်နေအောင်ကို မှတ်ထားကာ နောင်ကို ဒီလိုမျိုး မဖြစ်စေရဘူး . . . လို့ ။ ဒါ ဆို ဒီနေ့ လေးအတွက် နင်ငါ့ ကို ကျေနပ်နိုင်မှာပါ ။၃.၅.၂၀၀၇ . . . . ဒီနေ့ လေးကို နင်မှတ်မိနိုင်ပါဦးမှာလား ? မင်းရဲ့ ရိုးသားပွင့် လင်းတဲ့ မေးခွန်းကြောင့်  ဂယောင်ချောက်ခြားနဲ့ ပုံစံမကျတဲ့  ရည်းစားစကားနဲ့  ငါနင့် ကို ချစ်ခွင့် ပန်တဲ့  နေ့ လေးပေါ့  ။ တစ်နေ့  တစ်ခြား နင့်အပေါ်မှာ ငါ့ ရဲ့ အချစ်စိတ်တွေပိုများလာခဲ့ တယ် ။ မြိုသိပ်ရလွန်းလို့ လဲ ငါ့ ရင်တွေ မွန်းကျပ်နေတယ် ။ တစ်ကယ်တန်း ကျတော့  ငါဖွင့် မပြောရဲခဲ့ ဘူးကွာ .။ ဖွင့် မပြောရဲဘူး ဆိုတာထက် ဖွင့် မပြောရက်ခဲ့ တာပါ ၀တုတ်မလေးရေ . . . ။ငါ့ ဘ၀ ငါ့ အခြေအနေကို ငါအသိဆုံးပါ ။ ငါကိုယ်တိုင် ပျော်ရွင်နေရတဲ့  ငါ့ ရဲ့ စိတ်ကူးယဉ် အိမ်မက်လေးကို ငါ . . . မဆုံးရှုံး ချင်ဘူး ။ အဲဒီအိမ်မက်လေးထဲမှာဘဲ နင့် ကိုငါ ချစ်နေချင်တာ ။ နင်မသိနိုင်တာ ကလွဲရင် ငါ့ အိမ်မက်ကလေး ပျောက်ဆုံးသွားမှာမှ မဟုတ်တာ . . . ။ နင်ကတော့  ငါ့ ကို အမြဲတမ်း အားပေးပါတယ် . . . ချစ်တဲ့ သူရှိတာပဲ ကိုကစပြီး ဖွင့် ပြောလိုက်ပါလားတဲ့  ။ ဒါမှ ရင်ထဲမှာ ပေါ့ ပါးသွားမှာပေါ့ တဲ့  ။ မထင်မှတ်ပဲ နင် ငါ့ ကို မေးခွန်းလေးတစ်ခု မေးလာတယ်နော် . . . ငါ ချစ်တာ ဘယ်ကောင်မလေးလဲ ? တဲ့  ရိုးရိုးသားသားနဲ့  ပွင့် ပွင့်  လင်းလင်း ပြောရအောင်တဲ့  ။ နင် ငါ့  ကိုခင်ရင် အခုပြောကို ပြောရမယ်တဲ့  ။ မပြောရင် ငါနင့် ကို မခင်တော့ ဘူးတဲ့  ။ ငါဘယ်လို ပြောပြရမလဲ ၀တုတ်မလေးရေ . . . ။ ငါကြံရာမရတဲ့  အဆုံး နင့် ကိုငါချစ်နေတာပါလို့  ပြောမိခဲ့ တယ် ။ ဘယ်လောက် အံ့ သြစရာကောင်းခဲ့  သလဲ နင်ကတော့  ငါ့ ကို ရယ်ကျဲကျဲနဲ့  အခုနင့် ရင်ထဲမှာ ပေါ ပါးသွားပြီ မဟုတ်လားတဲ့  ။ နင့် ရင်ထဲမှာ ပေါ့ သွားအောင် ငါ လုပ်ပေး လိုက်တာတဲ့  ။ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ ... နင် ငါ့ ကို နားလည်ပေးခဲ့ တယ်နော် ။ တကယ်ပါပဲ အခု ငါ့ ရင်ထဲမှာ ပေါ့ ပါးသွားခဲ့ ပြီလေ . . ၂၅.၅.၂၀၀၇ . . . . ၀တုတ်မလေးရေ . . ဒီနေ့ လေးကို ငါ့ ဘ၀မှာ ဘယ်တော့ မှ မေ့ မှာမဟုတ်ပါဘူး ။ ငါ့  မွေးတဲ့ နေ့ တောင်မှ ငါ မေ့ ရင်မေ့ နိုင်လိမ့် မယ် ။ နင်ငါ့ ကို ချစ်တယ်လို့  အဖြေပေးခဲ့ တဲ့  ဒီနေ့  လေးကို ငါအမြဲတမ်း သတိရနေမှာပါကွာ ။
အခုဆို ငါ့ ဘေးမှာ ငါ့ ကို နားလည်ပေးမယ့်  ၊ အားပေးစကားတွေ ပြောပေးမယ့်  တီးတိုးတိုင်ပင်ဖေါ် ၀တုတ်မလေးတစ်ယောက် ရှိနေပြီပေါ့ ကွာ ။ ဂျစ်ကန်ကန် ၊ ပေကတ်ကတ် နိုင်တာကလွဲရင် ငါ့  ရဲ့  ဘ၀အမောတွေ ကြားထဲဝင်လာရဲတဲ့  နင့်ကို ကျေးဇူးပါပဲ ၀တုတ်မလေးရေ . . . ။အရင်ကဆို ၀၀တုတ်တုတ် ကောင်မလေးတွေမြင်ရင် ပြုံးစိစိ နဲ့  သဘောကျတတ်တဲ့  ငါ . . . ၊ အခုဆိုရင် ၀တုတ်တုတ် ကောင်မလေးတွေကို တွေ့ ရင် နင်ဖြစ်နေမလားလို့  လိုက်ကြည့်ပြီး ၊ စိတ်ကူးယဉ် အပြုံးလှလှလေးတွေကို ငါဖန်တီးနေတတ်ခဲ့ ပြီဟာ ။ ဒါတွေဟာ မင်းကြောင့် ပေါ့  ၀တုတ်မလေးရေ ။ ကျေးဇူးလည်း တင်တယ် ၊ အမြင်လဲ ကတ်ချင်တယ် ငါ့ ကို နိုင်စားလွန်းတဲ့  နင့် ရဲ့ စိတ်ကိုပေါ့  ။
နင့် အတွက် အမှတ်တရရယ်လို့  လုပ်ပေးခဲ့ တဲ့  ငါမြတ်နိုးတဲ့  အရာတွေ တော်တော်များများကို နင်အမြဲဖျက်တတ်တယ်နော် ။ ငါ့ကို နာကျင်အောင်လုပ်နေတာလား ၀တုတ်မလေးရေ . . . နင်နဲ့  ပါတ်သက်တဲ့  အရာမှန်သမျှ ဘာမဟုတ်တဲ့  ကိစ္စလေး တစ်ခုတောင် ငါ ခံစားတတ်လွန်းတာ နင်မသိရော့  လေသလား ?သိရဲ့  သားနဲ့  ငါ့ ကို နာကျင်စေချင်လို့ လား ? ဒါမှ မဟုတ် နင် အမြဲပြောပြောနေတဲ့  ငါကိုချစ်တယ်ဆိုတာကို ပြနေတာလား ? မေးခွန်းတွေကို မေ့ ထားရင်း နင့်ကို ပိုချစ်နေနိုင်အောင်ပဲ ငါ ကြိုးစားခဲ့ တယ်လေ . . . ။ ၀တုတ်မလေးရေ . . တစ်ခါတစ်လေ နင်ငါ့ ကို စိတ်ဆိုးရင် နင်အမြဲပြောတတ်တဲ့  ချစ်သူဘ၀ ခိုင်မြဲဖို့ ဆိုတာ ချစ်နေရုံနဲ့  မပြီးဘူး ။ ယုံကြည်မှု နားလည်ပေးမှုတွေလည်း လိုအပ်တယ်လို့  နင်ငါ့ ကို ပြောခဲ့ တယ်နော် ။ နင်ရဲ့  အရှေ့ မှာ ငါ မမေး.ရက်ခဲ့ တဲ့  မေးခွန်းလေး တစ်ခုကို အခုငါ နင့် ကိုမေးကြည့်ချင်တယ် ။ နင်မေးခဲ့ တဲ့  မေးခွန်းလေး အတွက်ပါပဲ . . .
အဲဒီ " ယုံကြည်မှု ၊ နားလည်ပေးမှုတွေဟာ ဘယ်ကနေ ဖြစ်တည်လာတာလဲ " လို့  . . .

နင်မသိခဲ့ ရင် ငါ ပြောပြမယ် ။ အဲဒီယုံကြည်မှု နားလည်ပေးမှု တွေဟာ အချစ်ကနေ ဖြစ်တည်လာတာ . . . ဟ ။ တကယ်ချစ်တတ် မှ အဲဒီအရာတွေကို မွေးမြူလို့  ရတာ . . . ဟ ။ နင်ပြောတဲ့  ယုံကြည်မှု နားလည်ပေးမှုတွေကို တည်ဆောက်နိုင်တာ ချစ်တာတစ်ခုတည်းနဲ့  မပြီးဘူးဆိုတဲ့  နင့် ရဲ့  စကားကို ငါ့  ရဲ့  ချစ်စိတ်ကြောင့်  ငါ မငြင်းရက်ခဲ့ ပါဘူး . . . ၀တုတ်မလေးရေ . . .။
နင်ငါနဲ့  စကားတွေ ပြောနေရရင် အရမ်းပျော်တာပဲလို့  ငါ့ ကိုနင် ပြောခဲ့ ဘူးတယ်နော် ။ နင့် ကို ပျော်ရွင်စေချင်တဲ့  ငါဟာ . . . ငါကိုယ်တိုင်လည်း နင်နဲ့  စကားတွေပြောနေရရင် အရမ်းပျော်တာပဲ လို့  နင့် ကိုပြန်ဖြေရင်း တိတ်တခိုးနာကျင်ခဲ့ရတယ် ။ ငါ့ ရဲ့  စိတ်ထဲမှာလည်း စိုးထိတ်ခဲ့ မိတယ် ။
ငါနဲ့  စကားပြောရတာ နင်ပျော်လို့ များ ငါ့ ကို ချစ်ခဲ့ တာလား ? ၀တုတ်မလေးရေ . . အဲဒီလို မဖြစ်ပါရစေနဲ့ လို့  ငါဆုတောင်းနေမိတယ် ။ ဒီလိုဆို ငါ့ ကို မချစ်ပါနဲ့  ၀တုတ်မလေးရေ . . . နင်ပျော်မယ်မယ်ဆိုရင် နင်ပြန်မချစ်လည်း နင်ပျော်ရွင်ဖို့  . . . နင့် ကိုနေ့ တိုင်း ၊ နေ့ တိုင်း ငါ စကားတွေလာပြောပေးမှာပေါ့  ။ ငါလေပေးဆပ်နိုင်သမျှထဲက အားလုံးပေး ဆပ်ပြီး နင့် ကိုချစ်နေချင်တဲ့  သူပါ ။
တစ်ခါတစ်လေ နင်ငါ့ကို စိတ်ဆိုးပြီး အရွဲ့ တိုက်တာ ၊ ဂျစ်ကန်ကန် လုပ်တာလေးတွေက နင်ငါ့ ကို တန်ဖိုးမထားသလို မျိုး ခံစားရရင် ငါထိန်းချုပ်ထားတဲ့ ကြားက ငါ့ မာနတွေ ပေါက်ကွဲခဲ့ ရတယ် ။ အဲဒီ မာန အပိုင်းအစလေး တစ်ခု နင့် ကို သွားမှန်လို့  နင်နာကြင်ခံစား ရရင် ငါ့  ကိုယ်ငါလည်း နာကျည်းခဲ့ ရတယ် ။ အဲဒီညက ငါ့  ကိုယ်ငါ ဒဏ်ခတ်တဲ့ ညပေါ့  ။ ( ဟန်နီကယ် ဘီယာ (၃) ဗူး + အာလူးကြော် နဲ့ ပေါ့  ) ငါအတွေးထဲမှာ စီးမျှောရင်း ငါ့ ကိုယ်ငါ ဒဏ်ခတ် နေမိတယ် ။နင်အမြဲ ပြောခဲ့ တဲ့ ငါနဲ့ အတူနေရင် ငါကြိုက်တတ်တဲ့ ရှမ်းခေါက်ဆွဲ ကို နင်ကိုယ်တိုင် ချက်ကျွေးမယ် ဆိုတဲ့  နင့်ရဲ့  စကားသံ ၀ဲဝဲလေးကို ငါလွမ်းတတ်နေပြီဟာ ။ နင့် ရဲ့  အကျွမ်းကျင်ဆုံး ဟင်းချက်နည်းထဲက ကြက်ဥကြော် နဲ့  ကြက်ဥပြုတ် ကိုလည်း ငါတောင်းတနေမိတယ် ။ နင့် ရဲ့  ငြုတ်သီးထောင်း စပ်စပ်လေးကို ငါမကြိုက်ပေမယ့်  . . . နင် သာငါ နဲ့  အတူရှိနေခဲ့ မယ်ဆိုရင် ငါ စားနိုင်ပါတယ် ။နင်ဟာ.....ငါ့ရဲ့ဘ၀ပါ...။နင့် ကြောင့် ပေါ့  ၀တုတ်မလေးရေ . . .
တရုတ်သီချင်းတွေကို မကြိုက်တတ်တဲ့ ငါ . . . အခုဆို နင်ကြိုက်တတ်တဲ့  တရုတ်သီချင်းတွေကို မြတ်နိုးတတ်လာသလို ၊ J.J Line ဆိုတဲ့  နာမည်ကိုလည်း ရင်းနှီးလာတယ် ။ DAOLANG ရဲ့  သီချင်းတွေကိုလည်း ငါခံစားတတ်နေပြီဟာ ။ နင်ပေးထားတဲ့  ဝေါ်ရှန်းနေ(နီ) / I Miss You ဆိုတဲ့  တရုတ်သီချင်းလေး က ငါ့ ရဲ့  အသဲစွဲ ပေါ့  ။ နင်မကြိုက်တတ်တဲ့  Hip Hop သီချင်းတွေ ကိုတောင် ငါနားမထောင်ဖြစ်တော့ တဲ့ အထိပေါ့  ။ နင်နဲ့ အတူ တစ်ဖက်ထဲမှာ အမြဲတမ်း အတူရှိနေချင်တဲ့ ငါလေ နင်စီးတတ်တဲ့  အနီရောင် ကတ္တီပါ ဖိနပ်လေးကိုတောင် လိုက်စီးဖို့  ငါ စဉ်းစားမိတယ် ။ ( တို့  ကို ရာဇာလို့  ပါတ်ဝန်းကျင်က မပြောရင် ပေါ့ လေ . . . )
နင်နဲ့ ငါ ချစ်သူဘ၀မှာ ရွှေတိဂုံ ဘုရားကို မရောက်ဘူးသေးသလို ၊ ကန်တော်မင်္ဂလာ ပန်းခြံကိုလည်း မရောကဖူးသေးဘူးဟာ ။ သမ္မတ ရုပ်ရှင်ရုံမှာလည်း ရုပ်ရှင်ကြည့်ဖို့ ဆိုတာလည်း ဝေးပေါ့  ။ သူများတွေလို K.L.C.C အမွှာညီနောင် မျှော်စင်ရဲ့ STARBUFF ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို (ပိုက်ဆံ မလောက်၍ ) နှစ်ယောက် အတူ သောက်ရင်း သင်းပျံ့ တဲ့  ကိုယ်သင်းနဲ့  လေးလည်း ငါ မဖလှယ်ခဲ့ ဘူးပါဘူး ။ ကိုယ်တို့ သာ အဲဒီလိုမျိုး အခွင့် အရေးရခဲ့ ရင် ပိုက်ဆံမလောက်မယ့်  အတူတူ နေကြာစေ့  တစ်ထုပ်နဲ့  ၊ ရေသန့် ဘူး တစ်ဘူး ၀ယ်ပြီး . . . K.L.C.C ပန်းခြံထဲ က ရေပန်းလေးနားမှာ ထိုင်ရင်း နင့် ကို နေကြာစေ့  ခွံကြွေးမှာပေါ့  . . . ၀တုတ်မလေးရယ် ။ အဲဒါမှ ပိုပြီး Romantics ဖြစ်မယ်ထင်တာပဲ ။ နင်ငါ့ ကို ခွင့် ပြုမယ်ဆိုရင် နင့် လက်ကလေးကို နွေးနွေးထွေးထွေး ဆုပ်ကိုင်ထားမှာပေါ့  . . . ၀တုတ်မလေးရေ . . . ။ ( coffee သောက်တတ်ရုံ သက်သက်နဲ့  K.L.C.C ကို လျှောက်ပါတ်နေတဲ့  မြစ်ကောက် ကို ချောက်ချနေခြင်း မဟုတ်ပါ . . . )

ဘာပဲဖြစ်ဖြစ် ၀တုတ်မလေးရေ ...ငါ့ ရဲ့ အနာဂတ်နေ့ တွေထဲမှာ ငါ . . . ဟာ လဲပြိုလိုက် ၊ ပြန်ထလိုက်နဲ့  သက္ကရာဇ် တွေကို တစ်ခုစီ ဖဲ့ စားရင်း နင်နဲ့  ပြန်ဆုံမယ့်  နေ့ ကို မျှော်လင့် မိတယ် ။ ငါမျှော်လင့် မိပေမယ့်  အားတင်းပြန်လာရမယ့်  နင့်  ရင်ခွင် ငါ့ အတွက် ခြောက်သွေ့ နေမှာ ကိုတော့ ငါ ကြောက်တယ် . . . ။
မာယာကြွယ်တဲ့  လောကကြီးမှာ သစ္စာကို ရင်မှာတည်ပြီး ၊ မာယာမပါတဲ့ စကားတစ်ခွန်းကို ငါပြောချင်တယ်ဝတုတ်မလေးရေ...ငါ့ ရဲ့ နောက်ဆုံး ထွက်သက်တွေအထိ မပြောင်းလဲတဲ့  ချစ်ခြင်းနဲ့  နင့် ကိုငါ အမြဲတမ်းချစ်နေမယ် ။နှလုံးသားပြတိုက်ထဲက ဂျစ်ကန်ကန် ၀တုတ်မလေးတစ်ယောက် ပါပဲ ... ။

Tuesday, February 12, 2008

ဒဏ်ရာတွေနဲ့ ကဗျာကျိုး

အခန်းနံရံရဲ့ အရိပ်မဲ့အတွေးတစ်စ
ဖန်ခွက်နဲ့ လှမ်းအထုမှာ
ဖန်ကွဲစတွေ မင်းပုံရိပ်များလား
အခန်းကျဉ်းလို့ ဒီအတိုင်းပဲနေပေးပါ


ခံစားချက်မဲ့ ကလောင်တန်
ရေးချင်ရာရေး စိတ်ဒဏ်ရာအတွေးမှာ
တစ်ညလုံးမလာတဲ့ စားပွဲပေါ်ကဂျိုကာ
အခုငါ့ဘေးမှာ လာလှောင်နေသလို


အားလုံးတိတ်ဆိတ် ခံစားချက်ကိုယ်စီနဲ့
ဆွံအနေတဲ့ သက်မဲ့တွေကြား
ငါကြိုက်တဲ့ တရုတ်သီချင်းတစ်ပုဒ်
ငါ့အနားမှာ လာငြင်းခုန်နေတယ်
သူ့ကိုပဲ အပြစ်တင်ရမလိုလို
ငါကိုတိုင် ဂစ်တာကြိုးပြန်တပ်၇မလိုနဲ့
ကဗျာတစ်ပုဒ် လွင့်စင်သွားခဲ့တယ်


မင်းနဲ့သာ မတွေ့ဖြစ်ခဲ့၇င်
ကဗျာဟာ အခုလိုကျိုးပဲ့နေမှာမဟုတ်ဘူး
မီးညှိထားတဲ့ စီးကရက်လည်း
ငါ့နမ်းရှိုက်တာ စောင့်နေဖို့မလိုတော့ဘူး

မင်းကြောင့် ကဗျာဖြစ်တာမဟုတ်ပေမယ့်
ကဗျာကိုကျိုးစေခဲ့တာ မင်းကြောင့်။ ။