Saturday, January 10, 2009

နတ်သမီးလေးမွေးနေ့ပွဲ

ဇန်န၀ါရီ ၁၁ ရက် ကျွန်တော်ရဲ့ နတ်သမီးလေး(သို့) ကောင်မလေးမွေးနေ့ ပေါ့ ကျွန်တော်လဲကျရှုံးနိမ့်တဲ့အချိန် ဘ၀ကိုရေစုန်မျောလို့ ရည်ရွယ်ချက်ဆိုတာ ဘာမှမသိတဲ့လူတစ်ယောက်ဖြစ်နေတဲ့အချိန် ကျွန်တော်ကိုအားပေးလို့ ကျွန်တော်ဘက်မှာ အမြဲရပ်တည်ရင်း လမ်းမှန်ရောက်အောင် ထိန်းသိမ်းပေးခဲ့တယ် ကျွန်တော်ဘယ်လောက်ဆိုးဆိုး တစ်ချက်ကလေးမှမညည်းညူခဲ့ဘူး။ ပြီးတော့ ကျွန်တော်ကို သားကြီးလို့ ခေါ်တတ်တဲ့ ကောင်မလေးမွေးနေ့မှာ အနားမှာ ရှိမနေပေးနိုင်တဲ့ အပြင် ဘာတစ်ခုမှ လက်ဆောင်မပေးနိုင်ခဲ့ဘူး ခွင့်လွှတ်ပါကောင်မလေးရေ။မွေးနေ့မှစပြီး နောင်လာမယ့်မွေးနေ့တိုင်းမှာ သားကြီးနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။


Photobucket

Photobucket

Photobucket


japan Pictures, Images and Photos

ကောင်မလေးကြိုက်တတ်တဲ့ sushi ဂျပန်စာတွေ ကြိုက်တာသာယူစား လာလည်တဲ့ သူတွေလည်းစားနိုင်ပါတယ်။


sushi Pictures, Images and Photos

japan, sushi Pictures, Images and Photos

sushi eyes Pictures, Images and Photos


japan Pictures, Images and Photos



AddThis Social Bookmark Button


ဒါတွေက ယောက်ကျားလေးသူငယ်ချင်းတွေအတွက် အားရပါးရသာဆော်ပေတော့
beer Pictures, Images and Photos

Sunday, January 4, 2009

တစ်ကယ့် တစ်ကယ့် မလေးရှားပါပဲ






စာမရေးဖြစ်တာ အတော်ကြာပြီဖြစ်တော့ စာရေးချင်စိတ်ကိုစုစည်းလို့မရပါ ရေးရမယ့်ဈန်လည်းမ၀င်သောကြောင့် ဘလောစ့်ကို ပြစ်ထားလိုက်တာအတော်ကြာပါပြီ။အစ်မမေအိခင် ဘလောစ့်ကိုအလည်သွားရင်း အင်မတန်မှရင်နာစရာကောင်းတဲ့ ရွေ့ပြောင်း မြန်မာအလုပ်သမားမလေးတွေရဲ့ အကြောင်းပိုစ့်ကိုဖတ်ရင်းနဲ့ ဒီပိုစ့်လေးကိုရေးချင်စိတ် ပြင်းပြလာပါတယ် အရင်ကတည်းကရေးချင်စိတ်ရှိခဲ့ပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ ရေးသင့်မရေးသင့် စဉ်စားရင်းနဲ့ အချိန်တွေကုန်ခဲ့ပါတယ်။ နိုင်ငံရဲ့ဆိုးဝါးလှတဲ့ စနစ်ဆိုးကြောင့် မြန်မာပြည်သူပြည်သားတွေဟာ စီးပွားရေးကျပ်တည်းမူ၊ အလုပ်အကိုင်ရှားပါးမူတွေကြောင့် မိသားစုစားဝတ်နေရေးအတွက် ပြည်ပကိုရေကြည်ရာ မြက်နု အလုပ်လုပ်ဖို့ ထွက်ခွာလာတာ အတော်များပါတယ်။ လူဦးရေ သန်းနှင့်ချီပြီးရှိပါတယ် ဒီအထဲမှာလိုရာပန်းတိုင်မရောက် ဒုက္ခရောက်ခဲ့ရတဲ့သူတွေလည်းအများကြီးပါ ။

ဘုမသိဘမသိ သူများတွေ ပြည်ပထွက်ပြီး အလုပ် လုပ်တာကိုအားကျပြီး ထွက်လာတဲ့သူတွေလည်ရှိကြပါတယ် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်ပေါ့ ဒီပိုစ့်လေးကိုဖတ်ပြီး ပြည်ပထွက်ချင်တဲ့ ညီအစ်ကိုမောင်နှမတွေ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့အခါမှာ အဆင်ပြေမူတွေရှိသလို ဒုက္ခတွေလည်းရှိတာကို သေချာသိစေချင်တဲ့ ဆန္ဒတစ်ခုကြောင့်ပါ တစ်ယောက်ကနေတစ်ယောက်နိုင်ငံခြားလာမယ့်သူငယ်ချင်းတွေကို ဒီပိုစ့်အကြောင်းလေးပြောဖြစ်ရင်တောင် ကျွန်တော် ကျေနပ်ပါတယ် တော်လို့တတ်လို့ ဒီပိုစ့်ကို ရေးတာလည်းမဟုတ်သလို ဆရာကြီးလုပ်ချင်လို့ရေးတာလည်းမဟုတ်ရပါဘူး ရင်ထဲ့က ဆန္ဒအမှန်ကြောင့် ကျွန်တော်တို့ နိုင်ငံသား ညီအစ်ကိုမောင်နှစ်မတွေ ကြိုတင်ပြီတတ်နိုင်သမျှအခက်အခဲမရှိအောင် ပြင်ဆင်လို့ရအောင်လို့ ကျွန်တော်သိထားတဲ့ အမြင်တွေ အတွေ့အကြုံတွေကို မျှဝေချင်းသက်သက်ပါ။

ပြည်ပထွက်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာပြည်သူ၊ပြည်သား ညီအစ်ကိုမောင်နှစ်မတွေ နိုင်ငံအသီးသီး ဒေသအမျိုးမျိုးမှာ ကိုယ့်မိသားစုတွေအတွက် စီးပွားရှာနေကြတဲ့ သူတွေ အများကြီးပါ ။သူတို့တွေ အားလုံးရော အစဉ်ပြေကြတာတွေရှိသလို အဆင်မပြေမူတွေ ဒုက္ခတွေကိုလည်း ခါးစီးပြီးခံကြရပါတယ် တော်တော်များများဟာ ရှော့ပင်းထွက်တဲ့ဓါတ်ပုံတွေသာရိုက်ကြတာပါ ပန်ကန်ဆေးပြီး သူဋ္ဌေးအော်ဟစ်ခံနေရတဲ့ အလုပ်လုပ်နေတဲ့ ဓါတ်ပုံတွေ၊ ကွန်တိန်နာတွေမှာ အိပ်ကြရတဲ့ ဓါတ်ပုံတွေမရိုက်ကြပါဘူး ထမင်းငတ်တဲ့ အကြောင်းလည်းမပြောကြပါဘူး ဒီတော့အမှန်တရားကို မြန်မာပြည်မှာ ရှိနေတဲ့ ကျွန်တော်တို့လူမျိုး ညီအစ်ကိုမောင်နှစ်မတွေ တစ်ယောက်မှမသိကြပါဘူး။နိုင်ငံခြားထွက်အလုပ်လုပ်နေတဲ့ သားသမီးတွေ ပိုက်ဆံမပို့နိုင်ရင်တောင် မိဘတွေက ပတ်ဝန်းကျင်မှာ သားလေးပိုက်ဆံပို့လိုက်တယ် ဘယ်နှစ်သိန်း အဲ့လိုပြောတဲ့အခါ အိမ်နီးချင်းတွေက အစ အားကျချင်ကျကြပါလိမ့်မယ် နိုင်ငံခြားထွက်ရင်အဆင်ပြေမယ်လို့ ထင်ယောင်မြင်ယောင်ကြပါတယ် တစ်ကယ်ခံစားရတဲ့ ဒုက္ခအမှန်တွေကို မသိကြတော့ပါဘူး ရှိတဲ့အိမ်ခြံလေး ရောင်း၊နွားလေးရောင်း သားတွေသမီးတွေကို နိုင်ငံခြားကို ပို့ကြပါတော့တယ် ။နိုင်ငံခြားလည်းရောက်ရော ထင်သလောက်အလုပ်မဖြစ် ဒုက္ခတွေကို နဖူးတွေ့ဒူးတွေ့ စတွေ့ပါတော့တယ်။

အေးဂျင့်တွေကလည်း ကြောငြာတွေ မှာ ဒီလိုအလုပ်လုပ်ရမယ် ဒီလိုတိုက်ခန်းမှာနေရမယ် တစ်နေ့တော့ ဘယ်နှစ်ဒေါ်လာရမယ် ငါးစာတွေ ချကြပါတယ် လိမ်တာညာတာကလည်း မုန့်ကြိုးလိမ်က အဖေခေါ်ရလောက်အောင် တော်ပါတယ် အပြောကလည်း ထိုင်ပြီးကန်တော့ချင်လောက်အောင်ကောင်းတော့ ယုံမိကြတဲ့သူတွေမှာ ဒီလည်းရောက်ရော သောင်ပြင်မှာလွှတ်တဲ့ ခွေးလေးတွေလို မျက်စိကလည်လည်နဲ့ ကူညီမယ့်သူကမရှိ စကားကမတတ် ဒုက္ခကို ခါးစီးပြီခံကြရပါတယ်။

များသောအားဖြင့် ဥရောပနိုင်ငံတွေ၊အာရှတိုက်ထဲက ဂျပန်လောက်တောင် ရောက်အောင် သွားလုပ်နိုင်တဲ့ ငွေကြေး၊အဆက်အသွယ်တွေမရှိကြတော့ သွားရတာလွယ်ကူတဲ့ ထိုင်း၊မလေးရှား၊စင်္ကာပူ နိုင်ငံတွေကို သွားရောက်လုပ်ကိုင်ကြပါတယ်။မလေးရှားကိုလာတဲ့သူတွေ နေ့စဉ်နဲ့အမျှ အများကြီးပါ လက်ရှိမလေးရှား အတွေ့အကြုံလေးတွေကို ဝေမျှချင်ပါတယ် ။
မလေးရှားလာပြီး အလုပ်လုပ်မယ်ဆိုရင် သူငယ်ချင်း ညီအစ်ကိုမောင်နှစ်မ လူခံတွေ ရှိရင်ပိုကောင်းပါတယ်၊ကိုယ်ဆက်သွယ်မယ့် အေးဂျင့်ရဲ့ခိုင်မာမူ တိကျမူ အလုပ်အကိုင်ရှာပေးတဲ့ ခိုင်မာမူတွေကို အရင်သေချာစုံစမ်းသင့်ပါတယ် အေးဂျင့်ပြောတိုင်းမယုံသင့်ပါဘူး ။ မလေးရှားကသူငယ်ချင်းတွေ အိမ်နီးနားချင်းတွေရဲ့ ပြောစကားကိုလည်းအရမ်းမယုံပါနှင့် သေချာကိုယ်တိုင်စုံစမ်းသင့်ပါတယ် မဟုတ်လို့ကတော့ စရံစတင်တာနဲ့ ၅ သိန်းလောက် ရေထဲချသလိုပလုံပါတော့မယ်
ပြီးရင် ဒုက္ခကို ၁၈ သိန်းလောက်ပေးဝယ်ပြီး မလေးရှာမှာလာပြီး စိတ်ညစ်လူပင်ပန်း အရင်းမရပဲ ကျွန်လာခံရပါတော့မယ်။

ပြင်ဆင်သင့်တာတွေက အများကြီးပါ ကိုယ်လာမယ့်နိုင်ငံရဲ့ မိခင်ဘာသာစကားကို အနည်းအကျင်း ထမင်းစားရေသောက် လုပ်ငန်းခွင်ဆိုင်ရာ စကားလေးတွေတော့ ကြိုပြီးတတ်ထားစေချင်ပါတယ် အင်္ဂလိပ်စကားတတ်ထားတာတော့ပိုကောင်းပါတယ် မလေးရှားလာပြီး အင်္ဂစကားပြောတတ်တယ် အင်္ဂလိပ်စကားပဲပြောမယ်ဆိုရင် အဆင်ပြေတဲ့အလုပ်တွေဆို ပြေပါမယ် စက်ရုံအလုပ်ရုံတွေ ဆိုအဆင်ပြေပါမယ် တစ်ခြားသူဋ္ဌေးနဲ့ ကိုယ်ပိုင်စီးပွားရေး အလုပ်တစ်ခု၊ စားသောက်ဆိုင်မှာ လုပ်ရမယ်ဆိုရင် သူဋ္ဌေးက အင်္ဂလိပ်စကားမတတ် ကိုယ်ကအင်္ဂလိပ်လို မွတ်နေအောင်ပြောရင် သူဋ္ဌေးဆဲပါတော့မယ် မင်းအဲ့လောက်တော်ရင် ရုံးမှာသွားလုပ်လို့ပြောပါလိမ့်မယ် ။ကုသိုလ်ကံနဲ့လည်းဆိုင်ပါတယ် သူဋ္ဌေးကောင်းတာနဲ့ကြုံတဲ့အခါ အဆင်ပြေပါတယ် အလုပ်ကောင်းတဲ့စက်ရုံ အချိန်ပိုများတဲ့ စက်ရုံတွေဆို အဆင်ပြေပါတယ် တစ်နေ့တာလုပ်ခ( basic pay )ကောင်းရင်တော့ အဆင်ပြေပါတယ် အိုတီကလည်းပုံမှန်ရှိရင် တော့ပြောစရာကိုမလိုတော့တာပါ။

မလေးရှားမှာ လာတာနဲ့ စက်ရုံ၊စားသောက်ဆိုင်၊ဆီအုန်းခြံ၊စတာတွေမှာ အလုပ်လုပ်ရတာများပါတယ် ကိုယ်လာမယ့်အေးဂျင့်ကိုသေချာမေးမြန်းစုံစမ်းပါ ကိုယ်လုပ်ရမယ့်အလုပ်ကိုလည်းကြိုပြီး သိထားသင့်ပါတယ် ကိုယ်လုပ်တတ်တာက ၀ရိန်ဆော်တတ်တယ် ဒီလည်းရောက်ရော စားသောက်ဆိုင် မီးဖိုချောင်မှာ ငါးခေါင်းထုနေရရင် ကိုယ်လုပ်တတ်တာနဲ့ တစ်ခြားစီဖြစ်တဲ့အခါ ကိုယ်ရဲ့ကျွမ်းကျင်တဲ့အလုပ်မဟုတ်တဲ့အတွက် လစာများများမရနိုင်တော့ပါဘူး။အေးဂျင့်ကိုသေချာမေးပါ စက်ရုံဆိုရင်လည်း basic pay ဘယ်လောက်၊ပါမစ်ကြေး( levy ) ဘယ်လောက် သူဋ္ဌေးဘယ်လောက်ခံမယ် တစ်လကိုဘယ်လောက်ဖြတ်မယ် စတာတွေသေချာသိသင့်ပါတယ်။စားသောက်ဆိုင်ဆို ရင်လစာနဲ့ပေးပါတယ် တစ်လကိုဘယ်လောက်ပေးမယ် ပါမစ်ကြေးတစ်လတစ်ရာဖြတ်ပြီး အခြေခံက ၇၅၀ ရသင့်ပါတယ်။စားပြီးသောက်ပြီး အိမ်လစာ အပါအ၀င် သူဋ္ဌေးပေးလား မပေးဘူးလား ကြိုပြီးမေးမြန်းစုံစမ်းပါ။မဟုတ်ရင် ဒီကိုရောက်တာနဲ့ ခံရပါတော့မယ်။စားသောက်ဆိုင်က အဆင်ပြေတာများပါတယ် စားတာသောက်တာ၊အိမ်လခကအစ သူဋ္ဌေးကုန်ကျခံပါတယ်။

မလာခင်မှာမိမိရဲ့ ကျန်းမာရေးကိုသေချာ စစ်ဆေးသင့်ပါတယ် တီဘီ၊အသဲရောင်အသားဝါ၊ရှိမရှိ ကြိုတင်ပြီးစစ်ပါ လာခါနီးမှာထပ်စစ်ပါ ဆေးကျလို့ အေးဂျင့်ကစိတ်မပူနဲ့ ကျွန်တော်ဆေးကျော်ပေးမယ်လို့ပြောရင် မယုံပါနှင့် သေချာပျောက်အောင် အေးဆေးကုပါ ပျောက်ပြီဆိုမှလာပါ မဟုတ်ရင် လေဆိပ်ရောက်လို့ ဆေးစစ်တာကျရင် လေဆိပ်ကနေ လှည့်ပြန်ရပါမယ် ဒါဆို ၁၈ သိန်းဆုံးပါတော့မယ်။လာကြိုမည့်သူကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တောင်းထားသင့်ပါတယ် မလေးရှားအေးဂျင့်ကလာမကြိုရင် လေဆိပ်မှာ ဒုက္ခရောက်ပါမယ် ဟိုတယ်မှာအိပ်ရမှာမဟုတ်ပါ ဟိုးအရင်ဆို လေဆိပ်က ထိုင်ခုံတွေမှာပေးအိပ်ပါတယ် အခုဆို မရတော့ပါ ဟောပြောခန်းလို အခန်းထဲစုထည်းထားပါတယ် အိမ်သာလည်း နမ်ဆော်နေပါတယ် အဲ့ဒီအခန်းထဲမှာလူဦးရေများတဲ့အတွက် အရမ်းပူပါတယ် ဖုန်းလေးဘာလေးဆက်ချင်ရင်လည်း အဲ့ဒီအခန်းကိုစောင့်နေတဲ့ အစောင့်တွေက လုပ်စားပါတော့တယ် တစ်မိနစ်ကို ၃ကျပ်လောက်တောင်းပါတော့တယ်၊ ဘယ်လောက်ဆိုပြီး အမြတ်ယူပါတော့တယ် ။အေးဂျင့်လာမကြိုလို့ ပစ်ပြေးလို့ လေဆိပ်ထဲမှာ သောင်တင်ပြီးထွက်မရတဲ့သူတွေလည်းရှိပါတယ် အေးဂျင့်နဲ့အဆက်အသွယ်မရလို့ တစ်ပတ်နှစ်ပတ်လောက် သောင်တင်နေတဲ့သူတွေလည်းရှိပါတယ် နောက်လာတဲ့သူတွေပေးတာလေးကျွေးတာလေးစားပြီး အသက်ဆက်ရပါတယ် ။မြန်မာလူမျိုးနှစ်ယောက်လေဆိပ်ထဲမှာ သေသွားဖူးခဲ့ပါတယ် အတိအကျနာမည်တော့ ကျွန်တော်မသိပါ။ဒီနေ့လေယာဉ်စီးရမယ် မနက်ဖြန်စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်ခံမယ်ဆို ရင် မလေးရှားမှာအေးဂျင့်ရုံးခန်းတွေပိတ်တတ်ပါတယ် ဒါဆို အေးဂျင့်လာကြိုမှာမဟုတ်ပါဘူး ဒါဆို နှစ်ရက်၊သုံးရက်လောက် ဒုက္ခရောက်ပါတော့မယ်။ပေါင်မုန့်လေးတွေ ပေါ့ပါးတဲ့စောင်လေးတွေ ထည့်လာသင့်ပါတယ် ဒါဆိုတော်တော်လေးအဆင်ပြေနိုင်ပါတယ်။ဒေါ်လာ တစ်ဆယ်၊နှစ်ဆယ်လောက် တော့အိပ်ဆောင်ရှိသင့်ပါတယ်။


နိုင်ငံခြားထွက်မယ်ဆိုတာနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးစပြီးမွေးရပါတော့မယ် အရာရာကိုရင်ဆိုင်နိုင်တဲ့ သတ္တိမျိုးမွေးသင့်ပါတယ် အားလုံးဟာ ကူညီမယ့်သူထက် ဆော်မယ့်သူကများပါတယ် အမှီးကျက်အမှီးစား၊ခေါင်းကျက်ခေါင်းစားမယ့် သူတွေများပါတယ် ။အခုဆို မလေးရှားသူဋ္ဌေးတွေ လူလည်ကျကုန်ကြပါပြီ ရိုင်းရိုင်းပြောရရင် လူပါးဝကုန်ကြပါပြီ စက်ရုံတွေမှာဆို အခြေခံလစာ (basic pay) ၁၄ ကျပ်လောက်ပေးပါတယ် အိုတီကမရှိ
တနင်္ဂနွေ အပါအ၀င် အများပြည်သူရုံးပိတ်ရက်တွေပိတ်တဲ့အခါ တစ်လကိုလေးရာကျော်ပဲထွက်ပါတယ် ပါမစ်ကြေးတစ်ရာဖြတ်ပြီး ကိုယ့်ထမင်းကိုယ်ချက်စားရတော့ ဘာမှမကျန်တော့ပါဘူး စားစရိတ်က ပုံမှန်စားမယ်ဆို ၁၅၀ လောက်ကုန်ပါတယ် အိမ်လေးငွေနှစ်ရာလောက် မြန်မာငွေတစ်လ ငါးသောင်းလောက်မနည်းရအောင် ပို့နေရပါတယ် အဲ့ဒီ ငါးသောင်းအိမ်ရောက်ဖို့ ကြက်ကောင်လုံးကြော်ကို(ကြက်ဥ) အကက်လိုက် ၀ယ်စားရပါတယ်။အဲ့ဒီလောက်စားတာတောင် ၈၀ လောက်ကုန်ပါတယ် လက်ဖက်ရည် ဆေးလိပ်မပါပါဘူး ဆေးလိပ်တစ်ဗူး အခုဆို ၉ ကျပ်ဖြစ်နေပါပြီ ဆေးလိပ်သောက်ရင် တစ်နေ့လုံးလုပ်စာတစ်ဝက်ကုန်ပါပြီ။တစ်လတစ်သိန်းပဲအိမ်ကိုရောက် တစ်နှစ်လုံးကျွန်လုပ်တောင် ဆယ်နှစ်သိန်းပဲရပါမယ် အရင်းမကျေသေးပါဘူး။ဒါတောင် နိုင်ငံတော် ကျေးဇူးရှင်တွေကိုအခွန်မဆောင်ရသေးပါဘူး တစ်လကိုလေးဆယ့်ငါးကျပ် ပါ။သူဋ္ဌေးလိမ်လို့ ကျေးဇူးရှင်တွေကို အားကိုးဖို့မစဉ်းစားပါနှင့် ကျေးဇူးရှင်တွေရဲ့ ပါဝါကသုံးစားလို့မရတော့ပါဘူး မြန်မာနိုင်ငံသားဆိုတာ နှလုံးသားမှာ စာတမ်းထိုးပြီး သူများနိုင်ငံသားအနိုင်ကျင့်တာကို ခါးစီးပြီးခံပါတော့ ။သူများနိုင်ငံသားတွေဆို နိုင်ငံတော်ရဲ့နိုင်ငံခြားငွေကိုရှာပေးတဲ့ သူတွေမို့အကူအညီအပြည့်အ၀ပေးပါတယ် ကျေးဇူးရှင်တွေက ကူညီဖို့နေနေသာသာ အခွန်သွားဆောင်ရင်တောင် တစ်ခါတစ်လေ မသိနားမလည်လို့မေးရင် အော်တတ်ပါတယ် ကျွန်တော်အခွန်ဆောင်ချင်လို့ပါ ဘယ်နေရာမှာဆောင်ရမှာလည်းခင်ဗျာ လို့မေးတာကို အခွန်ဆောင်ချင်ဟိုနေရာမှာ သွားဆောင် အထဲမ၀င်နဲ့ အပြင်မှာစောင့် အဲ့လိုမျိုးအော်တတ်ပါတယ်။

အခုဆို မလေးမှာ စက်ရုံတွေတော်တော်များများ အလုပ်သမားတွေကို ပြန်ပို့နေပါတယ် စီးပွားရေးကျဆင်းတဲ့အတွက် အလုပ်သမားလျော့တာလည်းပါသလို သူဋ္ဌေးတွေ လူပါးဝတာလည်းပါပါတယ် နှစ်နှစ်ကျော် သုံးနှစ် အလုပ်သမားဟောင်းတွေဆို လစာ တိုးပေးရပါတော့မယ် ဒီတော့ပြန်ပို့မယ့်စာရင်းထဲထည့်လိုက်ပါတယ် တစ်ခါအသစ်ထပ်ခေါ်ပါတယ်။ အိုတီလို့ခေါ်တဲ့ အချိန်ပိုမပေးတော့ပါဘူး လူများများခေါ်လိုက်ပါတယ် အိုတီမပေးတော့ပဲ လူများများနဲ့ခိုင်းပါတော့တယ် တနင်္ဂနွေပိတ်ရက်တွေ အလုပ်မပေးဆင်းတော့ပါဘူး နှစ်ဆပေးရမှာ ဖြစ်တဲ့အတွက် နားခိုင်းပါတော့တယ်။ ၆ လလောက်နဲ့ ပြန်လွှတ်တဲ့အခါတွေရှိပါတယ် ဒါဆို ဘယ်သူမှမပြန်ချင်ကြပါဘူး လာတဲ့အရင်းတစ်ဝက်တောင်မကြေသေးပါဘူး မပြန်ချင်ဘာလုပ်မလည်း တစ်ခုပဲရှိပါတော့တယ် လေဆိပ်ကနေ ထွက်ပြေးတာတို့ ပြန်မပို့ခင်ထွက်ပြေးရပါတော့တယ် အဲ့ဒီအခါ နေထိုင်ခွင့်ပါမစ်မရှိတော့တဲ့ တရားမ၀င်နေထိုင်တဲ့သူဖြစ်သွားပါတော့တယ် အလုပ်ကဘယ်ဆီနေမှန်းမသိသေးပါဘူး သူငယ်ချင်းအိမ်မှာ ထိုင်စားရင်းတစ်ဖက်ကနေအလုပ်ရှာရပါတော့တယ် အလုပ်ရပြန်တော့လည်းဈေးကနှိမ်ကြပါတယ် အလုပ်သာလုပ်နေရတာ စိတ်ကမဖြောင့်ရပါဘူး အားလုံးကိုကြောက်နေရပါတော့တယ် ဘယ်အချိန်များငါ့ကိုဖမ်းမလည်းလို့ ။ဖမ်းခံရရင် လည်းမလွယ်ပါဘူး ပိုက်ဆံတောင်းတဲ့ရဲနှင့်တွေ့ရင် ပိုက်ဆံရှိရင်ပေးလိုက်ရင်ရပါတယ် ကိုယ်ကစကားကမတတတ် မပြောတတ်မဆိုတတ်ဆိုရင် အဲ့ဒီရဲပြုသမျှနုရပါတော့မယ် တောင်းတာကိုပေးနိုင်ရင်ပေး မပေးနိုင်ရင် အချုပ်ထဲထည့်ပြီး တရားရုံးတင်ပြီး ထောင်ချပါတယ် လက်ထဲမှာ ပတ်စပိုစ့်(pass port) အတု ကိုင်ရင်နာပါပြီ စာအုပ်မူရယ် တရားမ၀င်နေထိုင်မူရယ် ၆လလောက်တော့ ထောင်ထဲမှာအေးဆေးအနားယူရပါတော့မယ် ကျိန်ဒဏ်ပါ ရှိလို့ နှစ်ချက်လောက် အဆစ်ပေးလိုက်ရင် သေရာပါ ဒဏ်ရာလေးတွေ မလေးရှားပြန်လက်ဆောင်ရပါတော့မယ်။ဒီနေရာမှာတင်မပြီးသေးပါဘူး ထောင်ကနေလွှတ်လို့ မလေးနဲ့ထိုင်းနယ်စပ်မှာ လွှတ်တဲ့အခါ ထိုင်းရဲ့ကတစ်ခါ ပြန်ဖမ်းရင် ထိုင်းထောင်မှာ ဘယ်လောက်ထပ်ကျမယ်မသိသေးပါဘူး ။

အခုအခါ မလေးရဲတွေလည်း တော်တော်လေး လုပ်စားတတ်နေပါပြီ ထိုင်းနယ်စပ်မှာ အရင်လိုမလွှတ်တော့ပါဘူး ထိုင်းနယ်စပ်ကပွဲစားတွေဆီမှာ တစ်ယောက်ဘယ်လောက်နဲ့ တစ်ခါတည်းရောင်းစားပါတယ် ပွဲစားဆီရောက်တဲ့အခါ ပွဲစားက မလေးမှာသူငယ်ချင်းရှိလား? အဆက်အသွယ်ရှိလား? ပိုက်ဆံပေးမယ့်သူရှိလား မေးပါတယ် ရှိရင် ဖုန်းဆက်ပေးရပါတယ် အဲ့ဒီအခါမှာ မလေးရှာထဲကို ပြန်ဝင်ချင်လား မြန်မာပြည်ပြန်မလားလို့မေးပါတယ် မလေးရှားထဲပြန်ဝင်ရင် မလေးရှာထဲပြန်ပို့ပါတယ် မလေးရှားထဲရောက်တာနဲ့ ပိုက်ဆံပေးရပါတယ် မလေးငွေ ရင်းဂစ် ၂၁၀၀ အတိပေးရပါတယ်။လွယ်မယ်များထင်နေသလား ရွေးမယ့်သူမရှိရင် ပွဲစားကရောင်းစားပါတော့မယ် ထိုင်းမှာရာဘာခြံမှာပဲ ရာဘာခြစ်ရမလား? ငါးဖမ်းလှေ အလကားလိုက်ရမလား တစ်ခုခုက တော့အသေချာပဲ သူငယ်ချင်းတို့ရေ။

ကျွန်တော်သူငယ်ချင်း မိန်းခလေးတော်တော်များများ ကျွန်တော်နဲ့ချက်တင်ထိုင်ဖြစ်တဲ့အခါ ကိုရင်ခတ် မလေးရှားလာချင်တယ် အဆင်ပြေနိုင်မလားလို့မေးပါတယ် ကျွန်တော်ပြန်မေးတယ် နင့်လက်ရှိအလုပ်ကဘာဖြစ်လို့လည်းလို့ မေးပါတယ် လစာနည်းတယ်လို့ပြောပါတယ် ကျွန်တော်ပြောပါတယ် အထင်မကြီးစမ်းပါနဲ့ ရတာလေးကိုဒီထက်တိုးတက်အောင်လုပ်စမ်းပါ မိန်းခလေးတွေဘ၀အတွက်မလုံခြုံပါဘူး တော်တော်လေးထိန်းသိမ်းနိုင်မှ ဖြစ်မယ် မလာပါနဲ့လို့ပဲပြောပါတယ်။
နေရာတစ်ကာမှာ ကူညီချင်ယောင်ဆောင်ပြီး အားလုံးဟာ အကျိုးလိုလို့ညောင်ရေလောင်းမယ့်သူတွေ များပါတယ် သူဋ္ဌေးကနေ စားသောက်စရာတွေလိုက်ကျွေးမယ် ရှော့ပင်းတွေလိုက်ပို့မယ် ဒါကိုယ့်ကို တစ်ကယ်ခင်လို့ချစ်လို့ လိုက်လျောနေတာမဟုတ်ပါဘူး ကိုယ့်ဆီကနေ တစ်ခုခုအသေအချာ ပြန်ယူတော့မှာပါ အသားစားကျားတွေပါ အရိုးတောင်မကျန်ပါဘူး ဒီလိုပဲစားသောက်လာတာ နှစ်နဲ့ချီနေပါပြီ အနေအထိုင်ပိုပြီးဆင်ချင်ရပါမယ် ။သွားမယ်ဆိုလည်း သူငယ်ချင်းတွေ အများကြီးနှင့်သွားသင့်ပါတယ်။ဒီရောက်မှ ချစ်သူတွေထားကြတာလည်းရှိပါတယ် အရာရာကလွတ်လပ်နေတော့ မလိုလားတဲ့ပြသနာတွေကြုံရပါတော့တယ် မြန်မာပြည်ဘယ်မှာနေတာအတိအကျမသိ မိန်းမရှိလား ယောက်ကျားရှိလားမသိ ဖြစ်ချင်တာတွေ ဖြစ်ကြပါတယ် ။တစ်ချို့တွေဆို ထိုင်းကနေပါမစ်မရှိပဲ အလုပ်လာလုပ်ကြပါတယ် မျက်ကန်းတစ္စေမကြောက်ပါပဲ ရဲနှင့်တိုးလို့ ပိုက်ဆံပေးလို့ရတဲ့ ရဲ့ဆို အကြောင်းမဟုတ်ပါဘူး ပိုက်ဆံယူတဲ့အပြင် အသွေးအသားယူတဲ့ရဲဆို ကားလမ်းဘေးမှာတင် ကားပေါ်မှာ ကိုယ့်ဘ၀ကို ပေးဆပ်ရပါတော့မယ်။

အခုဆို မလေးမှာအလုပ်အကိုင် တော်တော်ရှားပါးနေပါပြီ အလုပ်မရှိတဲ့ ကျွန်တော်သူငယ်ချင်းတွေ အများကြီးပါ ဘုမသိဘမသိ မလေးရှားလာပြီ ဒီရောက်တော့ အိုတီအချိန်ပိုမရှိ လစာကမကောင်း ( basic pay ) ဒီတော့ ထွက်ပြေး တရားမ၀င်နေထိုင် စကားကမတတ် အလုပ်ကလည်းဘာမှ ကျွမ်းကျင်တာမရှိတော့ သောင်တင်နေပါတော့တယ်။အရင်ကဆို အလုပ်သမားကိုသူဋ္ဌေးက လိုက်ရှာရပါတယ် ငါ့ဆီမှာလာလုပ်ပါ မင်းကိုဘယ်လောက်ပေးမယ် အဲ့လောက်ထိပါ အခုဆို သူဋ္ဌေးတွေက မင်းမလုပ်ချင်ထွက်သွား အခုအသစ်ချက်ချင်းခေါ်လို့ရတယ်လို့ပြေပါလိမ့်မယ် သူဋ္ဌေးတွေ လူပါးဝကုန်ကြပါပြီ လူဟောင်းတွေ အတတ်ပညာတတ်တဲ့ သူတွေပဲ အလုပ်ရှာရတာ လွယ်ကူပါတော့တယ် ဥပမာ။ ။ ကျော်တတ်ချက်တတ်တဲ့သူ စက်မူ၊လက်မူပညာတတ်တဲ့သူ ဒီလောက်ပဲအနေချောင်ပါတော့တယ် စားပွဲထိုး ပန်ကန်ဆေးကတော့ ရိုက်သက်လို့တောင်မကုန်ဘူးလို့ပြောပါလိမ့်မယ်။ အရင်ကဆို မလေးမှာ အင်ဒိုနီးရှား၊မြန်မာ၊ဒီလောက်ပဲ အဓိကကျတာပါ အခုဆို ဗီယက်နမ်၊နီပေါ၊အိန္ဒိယ၊လူမျိုးတွေ အလုပ်သမားတွေ အများကြီးပါ အလုပ်သမားအရမ်းကိုဖောင်းပွပါတော့တယ်။အရင်ဆိုသူဋ္ဌေးကိုမာမာပြောရဲပါတယ် ငါတို့မြန်မာလူမျိုးဆိုတာ လစာ ရှစ်ရာအနည်းဆုံးမရရင်မလုပ်ဘူးလို့ပြောရဲပါတယ် အခုတော့သွားမပြောပါနဲ့ မင်းရူးနေလားလို့မေးပါလိမ့်မယ် ငါးရာငါးဆယ်၊ခြောက်ရာဆို ရိုက်သက်လို့တောင်မကုန်ဘူးလို့ပြောပါလိမ့်မယ်။


တစ်ခုသိထားသင့်တာက မလေးမှာ တတိယနိုင်ငံကို ကူးဖို့စောင့်နေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသား ဒုက္ခသည်အဖြစ်နဲ့နေနေတဲ့ တိုင်းရင်းသားတွေအရမ်းများလာပါတယ် မယုံမရှိပါနှင့် ရပ်ကွက်လိုက်ကိုရှိပါတယ် တစ်ရက်ကွက်လုံးလိုလိုပါ ရပ်ကွက်လူကြီးတောင်ရှိပါတယ် ရွာမှာတောင်လူမရှိတော့ဘူးလို့ သူတို့ပြောပြပါတယ် ။သူတို့တွေက တတိယနိုင်ငံမသွားခင်မှာ အိမ်လခနဲ့ စားဖို့သောက်ဖို့အဆင်ပြေဖို့အရမ်းအရေးကြီးပါတယ် ဒီတော့ ငွေအိမ်ပြန်ဖို့ဖို့အဓိကမကျပါဘူး ဒီတော့ရသလောက်နဲ့လုပ်ပါတယ် သူဋ္ဌေးကိုလစာကိစ္စမာမာမပြောရဲပါဘူး ခဏကွာမင်းပေးတဲ့လစာခုနှစ်ရာကို ငါစဉ်းစားအုံးမယ်လို့ ပြောပြီထွက်သွားတာ ခဏနေပြန်လာရင် ခြောက်ရာနဲ့တစ်ယောက်ဝင်လုပ်နေပါပြီ။အဲ့ဒီဒါတွေကို သူဋ္ဌေးတွေက ကောင်းကောင်းသိနေပါပြီ ဒီတော့ ရှင်သန်ရတာမလွယ်ကူတော့ပါဘူး။

မြန်မာနိုင်ငံမှာနေရင် ဒီထက်အဆင်မပြေမှန်းသိပါတယ် မလေးရောက်လာလို့ တစ်လငါးသောင်းလောက်ပို့နိုင်ရင်မဆိုးပါဘူး ဆိုပြီးလာကြပါတယ် မလာပါနဲ့လို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး သေချာတတ်နိုင်သမျှ ကိုယ့်ဘက်က ပြင်ဆင်သင့်တယ်ဆိုတာကိုပြောပြတာပါ အေးဂျင့်ပြောတိုင်းယုံပြီး အလွယ်လုပ်ရင် ဒီရောက်ရင် ဒုက္ခကိုခါးစီးပြီးသာခံပေတော့ပဲ။ ပြောမယ်ဆိုရင် ပြောစရာတွေကအများကြီးပဲ စာဖတ်ရတာ ပျင်းနေမှာစိုးလို့ ဒီလောက်နဲ့ပဲတော်ပါပြီ ။ စာဖတ်သူတွေအားလုံး ကျွန်တော်မှားတယ်မှန်တယ် ဆိုတာထက် ဒီအဖြစ်အပျက်လေးတွေကို စေတနာ အမှန်နဲ့ လွတ်လပ်စွာ ဆွေးနွေးအကြံပြုနိုင်ပါတယ်။ကျွန်တော်မမြင်နိုင်တဲ့ ရှုထောင့်ကနေ စာဖတ်သူတွေမြင်နိုင်တာတွေရှိပါတယ် အဲ့ဒီစေတနာအမှန်နဲ့ ထောက်ပြတဲ့ အကြံလေးတွေ အမြင်လေးတွေကို ကျွန်တော် မြင်ချင်ပါတယ် အားလုံးပဲ ပျော်ရွှင်စွာနဲ့ ဘ၀ကိုပေါ့ပါးလွတ်လပ်စွာ ဖြတ်သန်းနိုင်ကြပါစေ။






AddThis Social Bookmark Button