Friday, September 19, 2008

ကျွန်တော်ရဲ့ ရင်ထဲက အပိုင်းအစတစ်ခု


ဒီတစ်ပတ် တနင်္ဂနွေနေ့ တစ်မနက်လုံး တိတ်ဆိတ်နေတယ်
မိုးရွာသောကြောင့် အားလုးံလန်းဆန်းနေပေမယ့် ကျွန်တော်တစ်ယောက် ထိုင်ရင်းအိပ်ငိုက်နေတယ်။မိုးရွာသောကြောင့် စားသောက်သူ ဖောက်သည်များ မလာသဖြင့် ကျွန်တော်အလုပ်မရှိပါ ထိုင်နေရတာကြာလာသောအခါ အလွန်အိပ်ချင်လာသည်။အိပ်ချင်ပြေပျောက်ရန် စတိုးဆိုင်တွင် ဆားငံသီးသွားဝယ်ရင်း အိပ်ချင်ပြေ လမ်းထွက်လျောက်လာခဲ့သည်။

ဆိုင်မှအထွက် ကျွန်တော်တို့ဆိုင်နှင့် သုံးဆိုင်ကျော် silver stone ကားတာယာပြုပြင်ရောင်းဝယ်ရေး ဆိုင်တွင် အသက် ၇ နှစ်ခန်းတ၇ုတ်ကလေးလေးတစ်ယောက်သည်၊ကားဘီးဖြူတ်ရန် ချိုင့်(ကားဘီးဖြုတ်ရာတွင် ကားကိုထောက်သောပစ္စည်း) အကြီးစားကြီးကို မနိုင်မနင်း နှိပ်၍ ချိုင့်ထောက်နေသည်ကို ကျွန်တော် ကြည့်ရင်း ဒီပိုစ့်လေးကို ရေးချင်စိတ်ဝင်ခဲ့ပါသည်၊အရင်ကတည်းက ဒီလိုခံစားချက်မျိုး ကျွန်တော်ရင်ထဲမှာ ပေါ်ပေါက်လာခဲ့သည်မှာကြာပြီဖြစ်သော်လည်း ရေးသင့်မရေးသင့် စဉ်းစားရင်းနှင့် ကျွန်တော် အခုရေးမည့် အကြောင်းကိုမရေးဖြစ်ခဲ့ပါ၊အမှားပါမှာလည်းကြောက်သည်။

အခုတော့ ရေးချင်စိတ်ကိုမထိမ်းသိမ်းနိုင်တော့ပါ မှားရင်လည်းမှားသမျှကို ကျွန်တော် ခံပါမည်၊၀ိုင်း၍ဆော်မယ် ဆိုလည်း ဆော်ကြပါ၊လှော်မယ်ဆိုလည်း အလှော်ခံဖို့အသင့်ပါ။

ကားဘီးဖြုတ်ရာတွင်လုပ်နေသော တရုတ်ကလေးလေးသည် အလုပ်သမားမဟုတ်ပါ တာယာဆိုင်ပိုင်ရှင်ရဲ့သူဌေးသားအရင်းလည်းဖြစ်သည်။

တစ်ကယ်လို့ ကျွန်တော်တို့ သားသမီးဆိုရင် ဒီလိုခိုင်းမလား...?

ဒီမေးခွန်းလေး ကျွန်တော် အရင်မေးကြည့်ချင်ပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုး အများစုဟာ ကျွန်တော်မိဘ အပါအ၀င် မိဘတိုင်းက သားသမီးများကိုချစ်ကြပါသည်၊ ကျွန်တော်တို့ သားသမီးသာ ဒီတရုတ်ကလေးနေရာမှာဆိုရင် .....သားရေ သွားမလုပ်နဲ့ ချိုင့်ပြုတ်ရင် အန္တရယ်ရှိတယ် နောက်ဆုတ်နေ၊မလုပ်နဲ့နော် ခါးနာလိမ့်မယ် အိပ်ပေါ်တက်နေ ...ဒီလို အများအားဖြင့် ပြောကြလိမ့်မယ်လို့ထင်ပါတယ်။အများစုကိုပြောတာပါ လူတိုင်းမိဘတိုင်းတော့ မဟုတ်ပါဘူး။

ကျွန်တော် တစ်ကယ်ပြောချင်တဲ့ အရာက ဒီတရုတ်ကလေးလေး အသက်ငယ်ငယ်နဲ့ အလုပ်လုပ်နေတာကို ပြောချင်တာမဟုတ်ပါဘူး။

ကျွန်တော်ပြောချင်တာက ဘာဖြစ်လို့တရုတ်လူမျိုးတွေဟာ နိုင်ငံတော်တော်များများမှာ လူချမ်းသာ မျိုးနွယ်စုအဖြစ်နေရာယူနိုင်ကြတာလည်း...?အရှေ့တောင်အာရှ နိုင်ငံတိုင်းနီးပါးမှာ တရုတ်လူမျိုးတွေဟာ လုပ်ငန်းကြီးတွေ၊ စီးပွားရေးတွေ တော်တော်များများကို ပိုင်ဆိုင်ကြပါတယ်။ဘာဖြစ်လို့ သူတို့တွေ ချမ်းသာရတာလည်း...? တန်ခိုးတွေရှိလို့လား...?ကျွန်တော်စဉ်းစားမိတယ် ဒါတော့ ဖြစ်နိုင်မယ်မထင်ဘူး...။

ဒါဆို တစ်ခြားလျို့ဝှက်ချက်တော့ရှိမယ်ထင်တယ် ၊ ဒါမှမဟုတ်အဆောင်ကောင်းတွေဂှိနေလို့လား...?

တစ်ခြားတစ်ဖက်မှာ ကျွန်တော်တို့ မြန်မာလူမျိုးအများစုဟာ ဘာဖြစ်လို့ဆင်းရဲသားများကြတာလည်း...?

တစ်ရုတ်တွေကတစ်နေ့တစ်ခြား မြို့လယ်ခေါင်တွေမှာ တိုက်ခန်းတွေ ပိုင်ဆိုင်လာသလို၊ကျွန်တော်တို့မြန်မာလူမျိုးတွေက မြို့လယ်ခေါင်အိမ်နေရာကို ရောင်းပြီ မြို့သစ်များသို့ဦးတည်နေကြတယ် ၊ မြေကွက်နဲ့လွတ်လွတ်လပ်လပ်နေရတာ ကြိုက်ကြလို့လား၊ မဟုတ်ပါဘူး သွားရေးလာရေးအဆင်ပြေတဲ့ မြို့လယ်ခေါင်ကနေ ခရီးသွားရတာ ခက်ခဲတဲ့ မြို့သစ်တွေကို ဘယ်သူပြောင်းချင်ပါ့မလည်း၊စီးပွားရေး အဆင်မပြေတော့ မြို့လည်ခေါင်က ဈေးကောင်းရတဲ့နေရာလေးကိုရောင်းချပြီး ဈေးချိုတဲ့ မြို့သစ်တွေဆီ ပြောင်းကြရပါတယ်။ကျွန်တော်ကိုယ်တွေ့ပါ ကျွန်တော်အရမ်းချစ်သော ကျွန်တော်ငယ်သူငယ်ချင်းတွေ ဒီလိုနဲ့အကုန်ခွဲခွာသွားရတာပါ။

တစ်ကယ်တော့ တရုတ်လူမျိုးတွေ နိုင်ငံတိုင်းမှာ နေရာယူနိုင်တာက တန်ခိုးရှိလို့လည်းမဟုတ်ပါဘူး ၊ အလုပ်ကိုချစ်မြတ်နိုးစိတ် ၊ အလုပ်ကိုကြိုးစားပြီးစီးပွားရှာတဲ့ စိတ်ကြောင့်ပါ၊သူတို့တွေတစ်နေကုန်တစ်နေခန်း စီးပွားရှာကြပါတယ် သူတို့နားနေချိန်ဆိုတာ အလွန်ရှားပါတယ်။
သားသမီးတွေကို လမ်းကြောင်းချပေးတာလည်းတော်ကြပါတယ်။ကျွန်တော်သူငယ်ချင်းတွေ တော်တော်များများဟာတရုတ်တွေပါ ကျွန်တော် ၉ တန်းအောင်တော့ ကျွန်တော်သူငယ်ချင်း တရုတ် ၂ ယောက်စလုံး စာမေးပွဲကြပါတယ် သူတို့တွေကိုယ်တိုင်လည်း စာကိုစိတ်မ၀င်စားကြပါ။စာမေးပွဲကျတဲ့နှစ်မှာပဲ သူတို့ကို မိဘတွေကကျောင်းထုတ်လိုက်ကြပါတယ် ။

သူတို့က ကျွန်တော်ရဲ့အခင်ဆုံးသူငယ်ချင်းတွေပါ သူတို့မိဘတွေကို ကျွန်တော်စိတ်အတော်ဆိုးပါတယ် အဲ့ဒီအချိန်က ကျောင်းထုတ်တဲ့ ကိစ္စနှင့် သူ့တို့မိဘတွေကို ကျွန်တော်စကားမပြောပါ။သူတို့ကိုကျောင်းထုတ်၍ မိဘတွေက တစ်ယောက်ကို အိမ်က ကားလုပ်ငန်းတွင် ကားစပယ်ယာလိုက်ခိုင်းပါသည်၊တစ်ယောက်က သူ့အဖေ သံအရောင်းအ၀ယ်လုပ်ငန်းတွင် ခိုင်းပါတော့သည်။ကျွန်တော်မိဘတွေဆိုရင် ဒီလိုခိုင်းမည်မဟုတ်ပါ သားရေ တစ်နှစ်စာထပ်ကြိုးစား ကျောင်းပြန်တက် ပညာတတ်ကြီးဖြစ်မှ သက်တောင့်သက်သာ ဘ၀ကိုဖြတ်သန်းနိုင်မှာ ကျောင်းပြန်တတ်နော်...အဲ့လိုပြောမှာအမှန်ပါ။ကျွန်တော်မိဘတွေ ကျွန်တော်ကိုချစ်မြတ်နိုးစိတ်နှင့်ပြောတာဖြစ်ပါသည်။

တစ်ကယ်တော့ ကျွန်တော်သူငယ်ချင်းရဲ့မိဘတွေဟာ သူ့သားတွေပညာရေးကိုစိတ်မ၀င်စားတာ သိကြပါတယ်၊ ပညာရေးကိုစိတ်မ၀င်စားပဲ ကျောင်းတက်နေရင် အချိန်ကုန်မှာစိုးလို့ အိမ်ကစီးပွားရေးလုပ်ငန်းမှာ အခြေခံကစပြီး ပုံစံချပေးခဲ့တာပါ သူတို့လည်းစိတ်ဝင်စားတယ် သားသမီးတွေအတွက် အကျိုးရှိမယ်ဆိုတာကိုတွက်ပြီးလုပ်စေခဲ့တာပါ အခုချိန် ကျွန်တော်သူငယ်ချင်းနှစ်ယောက်စလုံးနေရာကြ တော်တော်လေးအဆင်ပြေနေတဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေကြပါပြီ။အတန်းပညာ မတတ်လည်းဘ၀ကို သက်တောင့်သက်သာဖြတ်သန်းနိုင်တဲ့ ပညာတွေ လောကကြီးမှာ သင်ယူလို့မကုန်နိုင်ပါဘူး။

ကျွန်တော်အဖွား ကျွန်တော်ငယ်ငယ်က အမြဲပြောပြတဲ့ တစ်ကယ့်အဖြစ်အပျက်ပုံပြင်လေး တစ်ခုကိုပြောပြချင်ပါတယ် ဟိုးတုန်းက မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့မှာ အတီးဆိုတဲ့ တရုတ်ကြီးတစ်ယောက်ရှိပါတယ် အတီးကအတော်လေးဆင်းရဲပါတယ် ၀က်လေးတစ်ကောင်နှစ်ကောင်လောက်မွေးထားပါတယ် သူရဲ့ဝက်တွေအတွက် ၀က်စာကို အိမ်တွေမှာ ၀က်စာပုံးထားပြီးလိုက်သိမ်းပါတယ် ၊ အတီးအမြဲဝတ်တဲ့အကျီ င်္က စွတ်ကျယ်လပ်ပြတ်လေးပါ ဘောင်းဘီတိုကလည်းအစုတ်အပြတ်ပါပဲ တော်တော်နဲ့လည်း ဒီအ၀တ်အစား ယူနီဖောင်းကိုမလဲပါဘူး ဒါဝတ်ဒါချွတ်ပဲ လုပ်ပါတယ် တစ်နေ့လာလည်း ဒီအတိုင်းပါပဲ လူတွေက အတီးကို မြင်တိုင်း ပြောကြပါတယ် အတီးအ၀တ်အစားအကောင်းလေးတော့ ၀ယ်ဝတ်သင့်တယ် နေ့တိုင်းလည်း ဒီစွတ်ကျယ်လက်ပြတ်နဲ့ဒီဘောင်းပြီပဲ မင်းသေရင်မင်းနောက်မပါပါဘူး၊ အဲ့လိုလူတွေ ပြောတိုင်းအတီက ပြုံးပြုံးလေးနဲ့"၀"..ကပြည်ကြီးကနေစီးပွားလာရှာတာလေ မ၀တ်နိုင်သေးလို့ပေါ့ "၀"..၀တ်နိုင်တဲ့ အချိန်ကြရင် ၀တ်မှာပါ အခုတော့ အချိန်မကျသေးလို့ပါ။

ဒါနဲ့လူတွေက အတီးကို ဒါဝတ်ဒါချွတ်လို့ ခေါ်ကြတယ် စကြနောက်ကျတယ် ...။လူတွေဘယ်လောက်ပဲ ပြောပြော အတီးကအပြုံးမပျက်ပါဘူး စွတ်ကျယ်လက်ပြတ် အစုတ်ကြီးကို ၀တ်မြဲတိုင်းဝတ်ပါတယ၊ ဒီလိုနဲ့ အတီးဟာ နှစ်အနည်းငယ်ကြာတဲ့ အချိန်မှာ အလုပ်ကြိုးစားပြီး ချမ်းသာတဲ့ ဘ၀ကိုရောက်သွားပါတယ် ။ သူတို့မြို့လေးမှာ အတီးပိုင်လယ်ယာတွေကို လက်ညှိးထိုးလို့မလွဲ ပါဘူး အရင်က အတီးကို ဒါဝတ်ဒါချွတ်လို့ ခေါ်ခဲ့တဲ့ သူတွေဟာ အတီးဆီမှာ လယ်ယာတွေကို ပေါင်ရတဲ့ အခါ ။အတီးက မင်းတို့ "၀" ကိုမှတ်မိလား...? အရင်ကမင်းတို့ "၀" ကို ဒါဝတ်ဒါချွတ်လို့ ခေါ်ခဲ့ကြတယ်လေ "၀" ဒါဝတ်ဒါချွတ်လို့ပဲ ဒီဘ၀ကိုရောက်တာ အခု "၀" မင်းတို့ထက် သာအောင်ဝတ်နိုင်ပြီလေ ၊အခု "၀" ၀တ်ချင်တာဝတ်လို့ရပြီလို့ပြောပါတယ်။

တစ်ကယ်တော့ အတီးဟာ လုံလောက်တဲ့ ၀င်ငွေမရနိုင်သေးလို့ မသုံးခဲ့တာပါ သူ့မှာ ခိုင်မာတဲ့ စီးပွားရေးရှိတဲ့အချိန် သူ့သုံးငွေဟာ သူ့ဝင်ငွေကို မထိခိုက်နိုင်လောက်အောင် ချမ်းသာတဲ့ အချိန်ကြမှ သုံးခဲ့တာပါ..။

ကျွန်တော် သူဋ္ဌေးလင်မယားမှာ အသုံးအစွဲ အလွန်စီစစ်ပါသည် ဆိုင်ထဲမှ ၀င်ငွေကို အပြင်အတွက်မသုံးစွဲပါ ပိုက်ဆံအိတ် နှစ်အိတ်ထားပါသည် အပြင်သုံးရန်တစ်အိတ် ဆိုင်အတွက်သုံးရန်တစ်အိတ် ထားပါသည်။ဆိုင်အတွက် တစ်ကျပ်ဖိုး ပစ္စည်းဝယ်ပါစေ ဘောင်ချာ(ငွေစာရင်း)တောင်းပါသည်၊တစ်ခါတစ်လေ ကျွန်တော်ကိုဆိုင်အတွက် အသေးသုံး ပစ္စည်းလေးတွေ ၀ယ်ခိုင်းပါသည်။ကျွန်တော်ဘယ်တော့မှမ၀ယ်ပါ သူဋ္ဌေးနှင့်အမြဲရန်ဖြစ်ပါသည် တစ်ကျပ်ဖိုးဝယ်လည် ဘောင်ချာတောင်းခိုင်းလို့ပါ ကျွန်တော်မတောင်းချင်ပါ။ စားတာသောက်တာကအစ ဘောင်ချာထားပါသည် သူတို့လင်မယားတစ်နေ့ ထမင်းစားစရိတ် တစ်ဆယ်သတ်မှတ်ထားရင် ၁၀ ဖိုးလောက်အောင်သုံးပါသည်။

တစ်ခါတစ်လေ ကျွန်တော် ညဖက် အပြင်ဆိုင်မှာ ထမင်းစားနေရင်း သူတို့လင်မယားထမင်းစားခိုက်နှင့်ဆုံပါသည် သူ့မိန်းမ မိုင်လို(Milo)သောက်ချင်သဖြင့် သူတို့ယူလာသောငွေ မလောက်သဖြင့် ကျွန်တော်ဆီက ပြန်ချေးပါသည်။အဲ့ဒီတော့မှ သူတို့လင်မယားတစ်နေ့တစ်ဆယ်သုံးမှန်း ကျွန်တော်သိရပါသည်။ကျွန်တော်အသုံးစရိတ်မှာ သူတို့နှစ်ယောက်စရိတ်ထက်များနေမှန်း အခုမှသိရပါသည်။ဘယ်လောက်ထိစေ့စပ်လည်းဆိုရင် တစ်ခါတစ်လေ အော်ဒါမှားချက်မိသည့်အခါ ဟင်းပွဲများမှားတတ်ပါသည် ထိုဟင်းပွဲမှာ ပြန်ရောင်းရန်မဖြစ်နိုင်တော့ပါ လွှင့်ပစ်ရင်ပစ် မပစ်လျင် ကိုယ်တိုင်စားရန်သာရှိပါတော့သည် ကျွန်တော်ဆို ဘယ်တော့မှမစားပါ အမြဲလွှင့်ပစ်ပါသည်။ကိုယ်ကိုတိုင် ချက်စားချင်တာစားလို့လည်းရနေသည့်အခြေအနေ ဒီဟင်းပွဲကို ကိုယ်ကကြိုက်မှလည်းစားနိုင်မှာပါ။ ဒါကိုသူဋ္ဌေး မြင်လျှင် ဘယ်တော့မှ လွှင့်မပစ်ခိုင်းပါ ဘယ်လောက်ပဲအေးအေး သူစားပါသည်။ကျွန်တော်သာ သူဋ္ဌေးဆိုစားမည်မဟုတ်ပါ အလုပ်သမားတွေတောင် စားချင်တာချက်စားနေတာကို ကိုယ်မကြိုက်ပဲမစားနိုင်ပါ။

တရုတ်လူမျိုးတွေဟာ အသုံးအစွဲခြွေတာလို့ ချမ်းသာကြတာမဟုတ်ပါဘူး သူတို့လည်းသုံးစွဲကြပါတယ်၊သူတို့ဟာ ရအောင်ရှာနိုင်ပြီးမှ ကောင်းကောင်းစား ကောင်းကောင်းနေ သုံးကြတာပါ။
သူတို့အတွက် လုံလောက်တဲ့ ၀င်ငွေရနေတော့ သူတို့သုံးငွေဟာ သူ့ရဲ့ဝင်ငွေကို မထိခိုက်နိုင်ပါဘူး ထိခိုက်အောင်လည်းမသုံးကြပါဘူး။

ကျွန်တော်အပါအ၀င် မြန်မာလူငယ်တွေ တော်တော်များများဟာ လဘ္ဖက်ရည် ဆိုင်ထိုင်ရတာ ၀ါသနာပါကြပါတယ် ။အရင်က ကျွန်တော်မနက်ကတည်းက လဘ္ဖက်ရည်ဆိုင် ထိုင်လိုက်တာ ထမင်းစားချိန်ရောက်မှ အိမ်ပြန်ရောက်ပါတယ် ကျွန်တော်ကိုအဖေက လဘ္ဖက်ရည်ဆိုင် ထိုင်တာမင်းဘာရလည်းမေးရင် ကျွန်တော် ဘာပြန်ဖြေရမလည်းမသိပါ။တစ်ကယ်လည်း ဘာရမှန်းကျွန်တော်မသိပါ။ခပ်တည်တည်နဲ့ပဲ ထမင်းခူးစားလိုက်ပါတယ် ညရောက်တော့ တစ်ခါသူငယ်ချင်းတွေနှင့် လဘ္ဖက်ရည်ဆိုင် ပြန်ထိုင်ပါတယ်။ဘာမှမရပေမယ့် ထိုင်လို့တော့တော်တော်ကောင်းပါတယ်။ဒီလိုနဲ့ ကျွန်တော်ဘ၀မှာ အများကြီးနောက်ကျခဲရပါတယ်..။

ကျွန်တော်ဆိုင်ပိုင်ရှင်ဟာ သူ့သားငယ်လေးကို ဆိုင်မှာ ပန်ကန်သိမ်းခိုင်းပါတယ် စားပွဲခုံသုတ်ခိုင်းပါတယ် ကလေးဟာ ငယ်သေးတော့ တစ်ခါတစ်ရံမှာ ပန်ကန်တွေကျကွဲပါတယ်။ကျွန်တော်က သူဋ္ဌေးကို မလုပ်ခိုင်းပါနဲ့ကွာ မင်းသားငယ်သေးတော့ ပန်ကန်တွေကျကွဲတယ်ကွ..။သူဋ္ဌေးက ကျွန်တော်ကို အဲလစ်(ကျွန်တော်နာမည်) ပန်ကန်တစ်ချပ်ဘာမှ မတန်ပါဘူးကွာ ငါ့သားအလုပ်လုပ်ချင်စိတ် သူ့ရင်ထဲရောက်သွားရင် တစ်နေ့တစ်ချပ် ကျကွဲလည်း တန်ပါတယ်။ကျွန်တော် ဘာဆက်ပြောရမှန်းမသိတော့ပါ..။

ကျွန်တော်တို့လူမျိုးတွေဟာ ရတာနဲ့ရောင်ရဲတတ်တဲ့ အကျင့်လည်းရှိပါတယ်၊ဒီလောက်ရရင်တော်ပါပြီဟာ ...ဒီလောက်ရလည်းမနည်းပါဘူး...ဒီလိုလက်သုံးစကားတွေ အမြဲသုံးတတ်ကြပါတယ်၊အခုဒီလောက်ရရင် ဒီထက်ပိုရအောင် လုပ်မယ်လို့ စိတ်ကူးမရှိပါဘူး၊ရတာနှင့် ရောင်ရဲနိုင်တာလေးက စိတ်ပိုင်းဆိုင်ရာကနေကြည့်ရင် တော်တော်စိတ်ချမ်းသာတဲ့ ကိစ္စပါ တော်တော်လေးလည်းကောင်းပါတယ်။ ဥစ္စာစီးပွားရှာတဲ့နေရာမှာတော့မကောင်းပါဘူး ၊ လောဘကြီးဖို့ ပြောတာတော့မဟုတ်ပါဘူး ဒါပေမယ့် အခုဒီလောက်ရရင် ဒီထက်ပိုရနိုင်တဲ့ နည်းလေးကိုစဉ်းစာတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်စာဖတ်ရင်း ရခဲ့တဲ့စာစုလေးပါ ဘယ်သူရေးတယ်ဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး ကျွန်တော်စာအုပ်ထဲမှာ မှတ်ထားမိတာလေးပါ။

တစ်ပြားရ တစ်ပြားသုံးလျှင် သာမည ရိုးစင်းသည့် လူ့ဘ၀တည်း။

နှစ်ပြားရ တစ်ပြားသုံးလျှင် အာမခံချက်ရှိသည့် လူ့ဘ၀တည်း။

တစ်ပြားရ နှစ်ပြားသုံးလျှင် အန္တရယ်ကြီးသည့် လူ့ဘ၀တည်း။



အခုလို ဒီပို့စ်လေးကိုရေးလို့ ကျွန်တော်မှာ လူမျိုးရေး ခွဲခြားမူမရှိပါဘူး ၊ ကျွန်တော်ဟာလည်း ဗမာလူမျိုးစစ်စစ်ပါ ၊ တစ်ကယ်လို့ မင်းရောဘာကောင်လဲလို့မေးလာရင် ကျွန်တော်လည်း ဘာကောင်မှမဟုတ်သေးပါဘူး ဒါပေမယ့် မာတောင်တောင်ကောင် ဖြစ်အောင်တော့ ကြိုးစားနေတဲ့လူပါ..။အခွင့်ရလျှင် ကျွန်တော်ရဲ့ အကြောင်းလေးကို ပိုစ့်အဖြစ်ကြိုးစားရေးပါအုံးမည်။ဒီပိုစ့်လေးသည် ကျွန်တော်ရဲ့ စာရေးညံ့ဖျင်းမူကြောင့် စာဖတ်သူတစ်စုံတစ်ရာ အမြင်လွဲမှာစေတယ်ဆိုရင် ကျွန်တော်ရဲ့ စာရေးညံ့ဖျင်းမူ ဗဟုသုတ နည်းပါးမူကြောင့် ကျွန်တော်မှာသာ တာဝန်ရှိပါသည်။




AddThis Social Bookmark Button

5 comments:

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R said...

သူဌေးအကြောင်းရေးထားမှ သူဌေးဖြစ်ချင်လာတယ်။ ကျနော်သတ္တိရှိဖို့ ကြိုးစာနေပါတယ်။

Anonymous said...

ကမ္ဘာပေါ်မှာ နာမယ်ကြီး အားကစားသမားတွေနဲ့ အောင်မြင်သူအချို့ဟာ အသက်၃နှစ်လောက်က စပြီး မနက်၆နာရီလောက်ကတည်းကထပြီး သူတို့ဝါသနာပါရာ အားကစားကို ကျင့်ဖို့ သူတို့ဘာသာ ဂျာကင်ကိုဝတ်၊ ဖိနပ်ကြိုးကိုချည်ပြီး လေ့ကျင့်ဖို့ အားကစားရုံကို သွားလေ့ရှိတယ်လို့ အမကြားဖူးတယ်မောင်လေး..

ဒီပိုစ်ကြိုက်တယ်..

ဂျူနို said...

ကိုယ့်အားကိုကိုးပြီး ချမ်းသာလာကြတဲ့သူတွေမှာ အမြဲတမ်းလေးစားစရာ တွေနဲ့ ပါ။

အဖေ ချမ်းသာလိုက်တာ ဒါပေမဲ့ သူ့ သမီးက မုန့် ဖိုးရဖို့ သတင်းစာ ပို့ နေရတာဘဲ။ မုန့် ဖိုးတောင် တလကို ဒေါ်လာ၅၀ ဘဲ ပေးတာ။ မြန်မာတွေကတော့ ဒီလိုမဟုတ်ဘူး။ ကိုယ်က စည်သွတ်စက်ရုံမှာ လုပ်နေပြီး သမီးလုပ်သူက ပဲရစ်ကြနေတာဘဲ။ ကိုယ်တော့ သနားတာဘဲ။ စဉ်းစားစရာတွေ ဘဲ။
အယ်ဇီ

thihanyein said...

အကိုရေ လူတိုင်းမှာသူ့အမြင်နဲ့သူရှိတယ်ပေါ့ဗျာ
အကို့ပို့စ်လေးကိုစိတ်ဝင်စားတယ်
ကောင်းလည်းကောင်းတယ်
အကို့ရင်ထဲက မြန်မာလူမျိုးတွေတိုးတက်စေချင်တာကို
မြင်ရတော့ ၀မ်းသာပါတယ်ခင်ဗျာ
အမြဲတမ်းလည်းအားပေးနေပါတယ်
အကို့အကြောင်းဆိုတဲ့ပို့စ်လေးကို မျှော်နေပါတယ်
အားပေးလျှက်ပါခင်ဗျာ

Unknown said...

ကိုရင်..
ကျွန်တော် သဘောကျတဲ့ ပို့စ်တခုပါပဲ
ကျွန်တော်လည်း သူငယ်ချင်းတွေကိုပြောပြဖြစ်တယ်
ဒို့လူမျိုးက.တော်တော့်ကိုအပျင်းထူတဲ့လူမျိုးတွေပေါ့
နောက်ပြီး ကိန်းကြီးခန်းကြီးအရမ်းနိုင်တာပဲ
တရုတ်တွေကုလားတွေ ဘာကြောင့်ချမ်းသာလာတာ
လည်း ဘာကြောင့်ဒို့လူမျိုးတွေဆင်းရဲရတာလည်းဆို
ပြီးတော့ပေါ့ဗျာ..ကိုရင်အတွေးအခေါ်နဲ့ကျွန်တော်အယူ
အဆထပ်တူကြပါတယ်